ကျော်ကြားတဲ့ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျက်ဆီကာဟာ အမေရိကန်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလုပ်ငန်းတွေကိုစတင်သွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့တာဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

လတ်တလောမှာတော့ ဂျက်ဆီကာက သူ့ရဲ့သရုပ်ဆောင်တစ်ဦးဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြော ကြားခဲ့တာဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကအတွင်း ပြန်လည်ခြေချရာမှာတော့ တောင်ကိုရီးယားမှာမဟုတ်ဘဲ အမေရိကန်မှာ စတင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျက်ဆီကာက Ilgan Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာသူ့ရဲ့အစီအစဉ်သစ်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျက်ဆီကာဟာ ကေပေါ့ပ်ကြယ်ပွင့်တစ်ဦးအဖြစ် အနုပညာလောကအတွင်း စတင် ဝင်ရောက်လာတာဖြစ်ပါတယ်။ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့ Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာ အဖွဲ့ကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ကိုယ်တော်တေးသံရှင်တစ်ဦးအဖြစ်လည်း တေးသီချင်းတွေနဲ့ တေးအယ်လ်ဘမ်တွေ ဖန်တီးခဲ့ပါတယ်။သရုပ်ဆောင်တစ်ဦးအဖြစ်လည်း လှုပ်ရှားခဲ့တာ တွေ့ရပါတယ်။

ဂျက်ဆီကာဟာ ယခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ကန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးစိတ်ကူးသစ်တွေ ရရှိခဲ့ပါတယ်။ မကြာသေးမီက ဂျက်ဆီကာဟာ အမေရိကန်ရဲ့ ကျော်ကြားတဲ့အေဂျင်စီတစ်ခုဖြစ်တဲ့   UTA (United Talent Agency)နဲ့ အနုပညာ လှုပ်ရှားမှု တွေ လုပ်ဆောင်ဖို့ရာ စာချုပ်ချုပ်ခဲ့ကြတာပါ။ ဒီစာချုပ်အရ သူဟာ အမေရိကန်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် အာရှရဲ့တောက်ပတဲ့ကြယ်တစ်ပွင့်အဖြစ် ဂျက်ဆီကာကို မကြာမီ တွေ့မြင်ရတော့မှာပါ။

 

အေးပြည့်(ကြေးမုံ)