ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဘင်ခရာသင်တန်းဆင်း မောင်မယ်များမှ ဘင်ခရာတီးဝိုင်းဖြင့် ဖွင့်ပွဲခန်းမအတွင်းသို့ ချီတက်ဝင် ရောက်ကြပြီး ဘင်ခရာသင်တန်းနည်းပြချုပ် ဦးသန်းနိုင်က ဂီတစွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့်အညီ ကမ္ဘာသုံးဂီတ သင်္ကေတများကို ကျွမ်းကျင်ပိုင်နိုင်ကာ မိမိကျောင်း၊ မိမိမြို့၊ မိမိနိုင်ငံကို ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးပြည့်မီသည့် ဘင်ခရာအသင်းကြီးဖြစ်အောင် စုစုစည်းစည်း ဆက်လက်လေ့ကျင့်ကြိုးပမ်းကြရန် အမှာစကားပြောကြားခဲ့သည်။

 

အခမ်းအနားတွင် သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ကာ သင်တန်းဆင်း ဘင်ခရာ လူငယ်မောင်မယ်များမှ နိုင်ငံတော်သီချင်းဖြင့် စွမ်းရည်ပြတီးမှုတ်၍ စုပေါင်းအလေးပြုကြပြီး ကျောင်းအနီး မြို့တွင်းလမ်းများသို့ လှည့်လှည်ချီတက် သရုပ်ပြ တီးခတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဘင်ခရာသင်တန်းကို ကျောင်းနှင့် မြို့ဂုဏ်ဆောင်နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများ ဘင်ခရာသင်တန်းကို သြဂုတ်လမှ စတင်ကာ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေရက်များတွင် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၇၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

 

ဇော်မျိုးနိုင် (ခရိုင် ပြန်/ဆက်)