ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး Max Myanmar Co.,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်သော ရန်ကုန် - ပြည်လမ်းအပိုင်းအား လမ်းချဲ့ခြင်း ၊ ကတ္တရာကွန်ကရစ် (AC) ခင်းနေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် - ပြည်လမ်းမိုင်တိုင်အမှတ် (၉၉/၅) နှင့် (၉၉/၆) ကြားရှိ ယခင်တံတားဟောင်းအနီးတွင် တံတားသစ်တစ်စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ၊ လမ်းအန္တရာယ် ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် မကွေးတိုင်း ဒေသကြီး ၊ သရက် - မင်းလှ - မင်းဘူး လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုနှင့် လမ်းချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဧရာဝတီတံတား (မကွေး) ကြံ့ခိုင်မှုအခြေအနေကို လည်းကောင်း၊ မကွေး - နတ်မောက်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် နေပြည်တော် - တောင်ညို - မြို့သစ် - ကံပြား (မကွေး) လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက်ကြည့်ရှု့ စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)