ဟနွိုင်း ဇွန် ၃
ဗီယက်နမ်နိုင်ငံ၏ သွင်းကုန်နှင့် ပို့ကုန်စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ယခုနှစ် ပထမငါးလတာအတွင်း အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၁၂ ဘီလီယံအထိရှိလာပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းရုံး၏ ဇွန် ၃ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်မှာ ၁၉ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး ၂၁၅ ဒသမ ၆၆ ဘီလီယံဒေါ်လာအထိ ရောက်ရှိခဲ့သည်။ သွင်းကုန်ပမာဏမှာလည်း ၃၀ ဒသမ ၈ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၄၆ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ အဓိကအကြီးဆုံးပို့ကုန်ဈေးကွက်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၆ ဘီလီယံရှိသည်ဟု အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးသွင်းကုန်ဈေးကွက်ဖြစ်ပြီး သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၉၂ ဒသမ ၆ ဘီလီယံဖြစ်သည်။
ဆင်ဟွာ


