နေပြည်တော် ၂၇ မတ်

ယနေ့သည် (၇၄)နှစ်မြောက် တပ်မတော်နေ့ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြု၍ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုမှအစပြုခဲ့သည့် တပ်မတော်သည် နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုနိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ပျောက်ကွယ်ပျက်စီးဆုံးရှုံးခြင်း မရှိစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့တို့အား တွန်းလှန်ခြင်း၊ ရရှိပြီးသော လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာမဆုံးရှုံး စေရေးအတွက် ပြည်တွင်း၊ ပြည်ပအန္တရာယ်များအား အသက်၊ သွေး၊ ချွေး ပေးဆပ်၍ တွန်းလှန်ကာကွယ်ပေးခဲ့ခြင်းတို့သည် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ဖွယ်ဖြစ်ပေသည်။ ဤသို့ ကမ္ပည်းထိုးမှတ်တမ်းတင်နိုင်ခဲ့ခြင်းသည်တပ်မတော်အတွက်သာမဟုတ် တိုင်းပြည်နှင့်လူမျိုးအတွက် မှတ်တမ်းတင်ထိုက်ပေသည်။ ဤသို့မှတ်တမ်းတင်နိုင်ရန်အတွက် တပ်မတော်ကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်၏ ရည်မှန်းချက်အမှန်ကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ပြော ကြားခဲ့သည်။ “ငါတို့တပ်မတော်သည် ပြည်သူများမှဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ် ရေးနှင့် ပြည်သူများ၏အကျိုးကို စောင့်ရှောက်ကာကွယ်ရန်ဖြစ်သည်။ ပြည်သူများနှင့်ကွဲပြားနေ၍ ပြည်သူများ၏ အကျိုးကို ရည်ရွယ်ရင်း မရှိသော တပ်မျိုးမဟုတ်၊ ပြည်သူ့တပ်မတော်သည် ပြည်သူများတွင်အခြေခံထား၍ ပြည်သူများနှင့် အဆက်အဖြတ် ကွဲပြားခြားနားခြင်းမရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူတို့နှင့်တစ်သား တည်းရှိသည်၊ ပြည်သူ့တပ်မတော်သည် ပြည်သူတို့၏လက်ရုံး၊ လက်သီး၊ ပြည်သူများ၏ ဓားသွား ဖြစ်စေရမည်။ ထိုလက်သီး၊ လက်ရုံး၊ ဓားသွားသည် ပြည်သူများ၏ရန်သူကိုတွန်းလှန်ရန်ဖြစ်သည်။ ထိုလက်သီး၊ လက်ရုံး၊ ဓားသွားသည် ပြည်သူများ၏အကျိုးကိုကာကွယ်ရန်ဖြစ်သည်” ဟူ၍ ညွှန်ကြားခဲ့သည်။ 

ထိုသို့ညွှန်ကြားခဲ့သည့်အတိုင်း တပ်မတော်သားများ ပြည်သူများအပေါ် ထားရှိရမည့် သဘောထားများနှင့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကိုပညတ်ခဲ့ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်ချက်နှင့်အညီ တပ်မတော်သားများသည် ကျင့်ဝတ်စည်းကမ်းများအတိုင်း တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းပြီး နိုင်ငံတော်နှင့် ပြည်သူတို့ကို ယနေ့ထက်တိုင် စောင့်ရှောက်ကာကွယ်ပေးနေသည်။

မျက်မှောက်ခေတ် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် တပ်မတော်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် မဖြစ်မနေလိုအပ်သော ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို အခြေခံသော ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်ဖြင့် ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်အောင်ဦးတည်ချက်ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင်နိုင်ငံတော်၏ ပိုင်နက်နယ်မြေနှင့် အချုပ်အခြာအာဏာကို ထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ထက်မြက်သော တပ်မတော်တည်ဆောက်ရေးဟူသည့် ဦးတည်ချက်လည်း ချမှတ်ထားသည်။

ယနေ့နိုင်ငံတော်၏ ဦးစားပေးလိုအပ်ချက်ဖြစ်သည့် ငြိမ်းချမ်းရေးရရှိအောင်၊ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် တပ်မတော်သည်အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတို့နှင့်အတူလက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံအတွက် အရေးကြီးသည့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းရေးတွင် တပ်မတော်သည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်သည်နှင့်အညီ မတူကွဲပြားမှုများ မည်သို့ပင်ရှိစေ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရယူဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ မြန်မာနိုင်ငံတွင်ပြည်တွင်းစစ်မီးများ မငြိမ်းသေးသည်မှာ နှစ်ပေါင်း ၇၀ မျှရှိပြီဖြစ်သည်။ စစ်၏အနိဋ္ဌာရုံများ၊ မငြိမ်းချမ်းမှု၏ဆိုးကျိုးများ၊ အသက်ခန္ဓာနှင့် ဘဝပေးဆပ်ရမှုများအားလုံးသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသာဖြစ်၍ စစ်ပွဲများကိုအဆုံးသတ်ရန် လိုအပ်နေသည်ကို တပ်မတော်ကလည်း အသိအမှတ်ပြုလက်ခံထားသည်။

သို့ဖြစ်ရာ တပ်မတော်သည် ပြည်သူအတွင်းမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ်သည်နှင့်အညီ ဗိုလ်ချုပ် အောင်ဆန်း လမ်းညွှန်ထားသည့်အတိုင်း ပြည်သူများနှင့် တစ်သားတည်းနေထိုင်၍ ပြည်သူ့တပ်မတော်ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ရင်း နိုင်ငံတော်နှင့် ပြည်သူတို့ကိုဆက်လက်ကာကွယ် စောင့်ရှောက်ပေးသွားလိမ့်မည် ဖြစ်ပါကြောင်း။

ကြေးမုံ