ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ ကလေးစာပေပွဲတော်မုခ်ဦးအား ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းနှင့် မြို့နယ်ပညာရေးမှူး ဦးပုမ်းကျင့်ကမ်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို အ.ထ.က ခန်းမဆောင်၌ ဆက်လက် ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုခြင်း၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို လည်းကောင်း၊ အားကစားပြိုင်ပွဲများဖြစ်သည့် မီတာ ( ၅၀) တာတိုအပြေးပြိုင်ပွဲ၊ ဂုန်နီ အိတ်စွပ်၊ အာလူးကောက်ပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲနှင့် အခြားကလေးကစား စရာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပမှုများကို ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါကလေးစာပေပွဲတော်တွင် တွန်းဇံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးစာအုပ်၊ စာပေဆိုင်ရာများ၊ သုတ ရသစာပေများပြသခြင်း၊ ကလေးငယ်များ အသိပညာပေးပိုစတာများ၊ စာပေလှုပ်ရှားမှုဆိုင်ရာများနှင့် ပြည်သူဗဟိုပြုဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်ထားရှိကြောင်းနှင့် ကလေးစာပေပွဲတော်ကို နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြာင်းသိရသည်။

 

ဂျွန်