စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓါတ်အားလိုင်း တည်ဆောက်ရာတွင် လိုင်းအူကြောင်းတစ်လျှောက် သီးနှံပျက်စီးမှုအပေါ် သီးနှံလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၁၆) ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူတို့က အဖွင့်အမှာစကား ပြောကြားသည်။ 

 

ထို့နောက် မြို့နယ်စီမံခန့်ခွဲ့မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဓါတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) စီမံကိန်းမန်နေဂျာရုံး(၃)၊ မန္တလေးစီမံကိန်းမန်နေဂျာ ဦးထွန်းအောင်က ခင်ဦးမြို့နယ်အနေဖြင့် ပျက်စီးဆုံးရှုံးခဲ့သော တောင်သူ (၅၇) ဦး၏ မြေပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ နွားစားပြောင်း၊ တိုင်ထောင်ပဲ၊ ထန်း၊ ဇီးဖြူ၊ သနပ်ခါး၊ အင်ကြင်း၊ ငှက်ပျော စသည့် သီးနှံဧကအလိုက် အမြင့်ဆုံးဈေးနှုန်းဖြင့် နိုင်ငံတော်အစိုးရမှ စုစုပေါင်းလျော်ကြေးငွေ (၄၂၈၃၂၄၄၀) ကျပ်တို့ကို ပေးအပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါဆုံးရှုံးခဲ့သော အလယ်သျှိုကျေးရွာတောင်သူ (၁၀)ဦး လျော်ကြေးငွေစုစုပေါင်း (၁၂၂၇၂၄၆၀) ကျပ်၊ ညောင်ကန်ကျေးရွာတောင်သူ (၉) ဦးအား လျော်ကြေးငွေစုစုပေါင်း (၃၅၈၄၅၂၀) ကျပ်၊ ရှားလွင်ကျေးရွာတောင်သူ (၅)ဦး လျော်ကြေးငွေစုစုပေါင်း (၈၂၁၇၄၂၀) ကျပ်၊ ကြို့ကန်ကျေးရွာတောင်သူ (၂၈) ဦး လျော်ကြေးငွေစုစုပေါင်း (၁၆၆၀၁၅၂၀) ကျပ်နှင့် ရွာသစ်ကျေးရွာတောင်သူ (၅)ဦး လျော်ကြေးငွေစုစုပေါင်း (၂၁၅၆၅၂၀)ကျပ် တို့ကို တောင်သူများ၏ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှတ်တော်ကိုစားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချစ်စံ(ခင်ဦး)