ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့ မြို့တွင်းလမ်းများ တိုးချဲ့ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း၌ လမ်းများခင်းကျင်းနိုင်ရေး၊ ကွင်းအတွင်းရှိ စတိတ်စင်နှင့် အခမ်းအနားကျင်းပရာတွင် အသုံးပြု သည့် အဆောက်အဦများ၏ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင် ဆောင်ရွက်နိုင်ရေးနှင့် မနောကွင်းအတွင်း ဆောင်ရွက်ရန် လိုအပ်သည့် လမ်းများခင်းကျင်းနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအတွင်း ဝင်/ထွက်လမ်းများ တိုးချဲ့ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် မီးဖွားဆောင်သွား ဆေးရုံပတ်လမ်း ခင်းကျင်းနိုင်ရေးတို့အတွက် ကြည့်ရှု စစ်ဆေးပြီး ဆေးရုံဝင်းအတွင်း လမ်းများတိုးချဲ့ရာတွင် ကားပါကင်များပါ စနစ်တကျ ဆောင်ရွက်နိုင်ရေးမှာကြားခဲ့ကာ ဆေးရုံကြီး၏ယာဘက်ရှိ ရုံးကြီးလမ်းအား လမ်းတိုးချဲ့၍ ကတ္တရာရေပိတ်လွှာ ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောက်စိမ်းတုံးအလှဆင်ထားရှိမည့် ဆမား လမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံ တြိဂံထောင့်နေရာနှင့် အံတော်ရှင်ဘုရားအနီး မီးရထားသံလမ်းကူး နေရာ၌ သံပန်းတံခါးတပ်ဆင်ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းမကြီး ၂၅၆၇ ပေအား လမ်းတိုးချဲ့၍ ခင်းကျင်းဆောင်ရွက် နေမှုအခြေအနေနှင့် ၎င်းလမ်းမပေါ်ရှိ Box Culvert တစ်စင်း ဆောက်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လမ်းတိုးချဲ့ခင်းကျင်းဆောင်ရွက်ရာတွင်နှင့် လမ်းနှင့်တစ်ဆက်တည်း ဘေးဝဲ/ယာ ရေမြောင်းများ ဆောက်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အောင်ဆန်းလမ်းမတစ်လျှောက် ၂၂၅၀ ပေအား လမ်းတိုးချဲ့၍ နိုင်လွန်ကတ္တရာခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျွန်းရွှေဝါလမ်းအား လမ်းတိုးချဲ့၍ ခင်းကျင်းဆောင်ရွက်နိုင်ရေးအတွက် လမ်းနယ်မလွတ်သည့် ဖုန်းတိုင်များ ဖယ်ရှားစိုက်ထူနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

(ပြည်နယ်ပြန်/ဆက်)