မြန်မာနိုင်ငံပြည်သူလူထုသည် နိုင်ငံရေးအပြောင်းအလဲများ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးဆိုင်ရာ အပြောင်းအလဲများ၊ ပြည်တွင်း ပဋိပက္ခတို့ ပြေလည်ငြိမ်းချမ်းမည့် အပြောင်းအလဲများကို မျှော်လင့်နေကြ၏။ ထို့နောက် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို တောင့်တနေကြ သကဲ့သို့ နေ့စဉ်လူမှုဘဝများ လုံခြုံအဆင်ပြေ ချောမွေ့ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေးတို့ကိုလည်း အထူးတလည် မျှော်လင့်နေကြ၏။
ထို့ပြင်တစ်ဝ၊ ဒီမိုကရေစီအရှိန်အဟုန်ကို မြင့်မားတိုးတက်အောင် မြှင့်တင်ကြိုးပမ်းနေသည့် ပြည်သူ့အစိုးရလက်ထက်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားစွာ ဝင်ရောက်လာမည်ဟုလည်း အားရဝမ်းသာ မျှော်လင့်ကြပါ၏။
ဤကဲ့သို့သော နိုင်ငံတကာက ဝင်ရောက်လာမည့် စီးပွားရေးလုပ်ငန်းများကို မျှော်လင့်ကြသည်မှာ မဆန်း။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာမည်ဆိုပါက စီးပွားရေးအနေအထားက မြင့်မားလာမည့်အပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားလာမည်ဟု ယူဆကာ မျှော်လင့်ကြခြင်းဖြစ်ပါသည်။
ဤမျှော်လင့်ချက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးက အရေးပါသလို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မြင့်မားလာရေးကလည်း အရေးကြီးသည်ပဲဖြစ်၏။ ထိုချိန်ညှိမှုတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတို့ ဝင်ရောက်လာနိုင်မည့် ဆွဲဆောင်မှုများလိုအပ်သကဲ့သို့ ပြည်တွင်း လုပ်ငန်းရှင်ကြီးငယ်ရွယ်လတ်တို့သည်လည်း တန်းတူညီမျှ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမို ကောင်းမွန်အောင် ပြုပြင်ရန်၊ ဝန်းကျင်အနေအထားနှင့် အခင်းအကျင်း များကို ပိုမိုချောမွေ့အောင် ဖန်တီးပေးနိုင်ရန်၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များဆိုင်ရာ အကျပ်အတည်းနှင့် အခက်အခဲများကို ဖြေလျှော့ပေးနိုင်ရေးတို့ကလည်း မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအဖြစ် ရှိနေမည်ဟု ယုံကြည်ပါသည်။
ထိုနည်းတူစွာ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များသည်လည်း နိုင်ငံတကာလုပ်ငန်းရှင်များနှင့် အရည်အသွေးတွင် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားကြရန် လိုအပ်ပါလိမ့်မည်။ အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ပေါ်လစီများကလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတို့ကို ဆွဲဆောင်ရန်လိုအပ်သကဲ့သို့ ပြည်တွင်းရင်းနှီးမြှုပ်နှံ စီးပွားလုပ်ကိုင်သူတို့ကိုလည်း တန်းတူညီမျှသည့် အခွင့်အရေးပေးရန် လိုအပ်နေမည်ဟု နားလည်ပါ သည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များဖြစ်စေ၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများဖြစ်စေ၊ ထိုသူတို့ အမှန်တကယ် အလုပ်လုပ်နိုင်မည့် စီးပွားရေး ဝန်းကျင်နှင့် အာဝါသ၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တို့ကို ဖန်တီးပေးနိုင်ရေးက အဓိကကျသော လုပ်ငန်းရပ်များဟု ထင်မြင်ပါသည်။
ထို့အပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အခင်းအကျင်းတို့က တန်းတူ ညီမျှသည့် အခြေခံများဖြစ်ဖို့ လိုပါမည်။ ပြည်တွင်းစီးပွားရေး လုပ်ကိုင် သူတို့ကို အထူးအကာအကွယ်ပေးသည့် မူဝါဒမျိုးကိုအခြေခံ၍မရ သကဲ့သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အထူး ဦးစားပေးခြင်းကလည်း မျှတသည့် ဈေးကွက်စီးပွားရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ပါ။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျရှိရေးနှင့် ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပညာရှင်များ ပါဝင်နိုင်မှုအခန်းကဏ္ဍကိုလည်း အလေးအနက်ထားရန် လိုအပ်ပါမည်။ နိုင်ငံတကာ ပညာရှင် များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရင်း နည်းပညာ အတတ်ပညာဖလှယ် နိုင်ကာ ပြည်တွင်းနည်းပညာ အတတ်ပညာ တိုးတက်မြင့်မားလာရေးကို အထောက်အပံ့ဖြစ်မည့် အစီအမံများကိုလည်း ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ပါမည်။
ကုန်သွယ်ရေးကဏ္ဍများတွင်သာမက စက်မှုလက်မှုထုတ်ကုန် လုပ်ငန်း များ တိုးတက်ရေးကိုလည်း မည်သို့ ကိုင်တွယ်မောင်းနှင်နိုင် မည်ဆိုသည်ကို ပြင်ဆင်သင့်ပါသည်။
စီးပွားရေး အခြေခံအဆောက်အအုံများနှင့် အခင်းအကျင်းများအတွက် လိုအပ်နေသော ဖြေလျှော့မှုများ ပြုလုပ်ပေးရမည် ဖြစ်သကဲ့သို့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတို့ တိတိကျကျ သတ်မှတ် ရန်၊ ထိုစည်းကမ်းများကို အမှန်တကယ် လိုက်နာနိုင်ကြရန်၊ ဗျူရိုကရေစီ ကြိုးနီစနစ်တို့ကြောင့် ကြန့် ကြာတတ်သော ခေတ်ဟောင်း လက်ကျန်အမွေဆိုးများ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်တို့ကလည်း များစွာ အရေးကြီးမည်ဟု မြင်ပါသည်။
အဂတိကင်းရှင်းရေး လာဘ်ပေးလာဘ်ယူ ကင်းစင်ပပျောက်ရေး ဆိုသည်တို့ကလည်း ပြည်တွင်း နိုင်ငံတကာမခွဲခြားဘဲ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ကြရန် လိုမည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း တင်ပြ လိုက်ပါသည်။ ။
မြန်မာ့အလင်း