နေပြည်တော် ၃၁ မတ်
မြန်မာနိုင်ငံဖြတ်သန်းခဲ့သော သမိုင်းတစ်လျှောက်ကို ကြည့်မည်ဆိုလျှင်နေရာဒေသများတွင် ခေတ်ကာလ အလိုက် စစ်ပွဲများဖြစ်ပွားခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ လွတ်လပ်ရေးမရမီ နယ်ချဲ့စစ်ပွဲကာလပြီးသည့်နောက် လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ပွဲကာလများမှာ ယနေ့ထက်တိုင် ဖြစ်ပေါ် နေဆဲဖြစ်သည်။ မငြိမ်းချမ်းသော တိုင်းပြည်အဖို့ စစ်ဘေးသင့်ဒုက္ခများနှင့်မဖွံ့ဖြိုးသည့်အဖြစ်များ ကြုံတွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူမှုဘဝနှင့် စီးပွားရေး နောက်ကျကျန်ရစ်ခဲ့ရသည့်အကြောင်းရင်းများကို ဆန်းစစ်ကြည့်မည် ဆိုပါက လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလမှစ၍ တည်ငြိမ်အေးချမ်းမှုရရှိအောင် မတည်ဆောက်နိုင်၍ ဖြစ်သည် ကို တွေ့ရသည်။ ကမ္ဘာ့စီးပွားရေးပညာရှင်များ ထောက်òန်ပြထားသည်နှင့်အညီ မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းမှုကိုကြိုတင်တည်ဆောက်ထားနိုင်ခြင်းမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် မည်သို့ပင် စီမံကိန်းအမျိုးမျိုး ချမှတ်အကောင်အထည်ဖော်စေ ကာမူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မည်မဟုတ်မှာ သေချာပါသည်။
ထို့ကြောင့် အရေးတကြီး အလျင်အမြန် လိုအပ်နေသော ပြည်တွင်း ငြိမ်းချမ်းရေးကို မဖြစ်မနေရရှိအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ၂၀ ရာစုမှစတင်ခဲ့သည့် မငြိမ်းချမ်းမှုများကို ၂၁ ရာစုတွင် ငြိမ်းချမ်းအောင် ကြိုးပမ်း ရမည်ဖြစ်သည်။ အကောင်အထည်ဖော်နေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံသည် နိုင်ငံသူ နိုင်ငံသားအားလုံးအတွက် နှစ်ပေါင်းများစွာ သေနတ်သံတညံညံနှင့် ငြိမ်းချမ်းမှုမရှိဘဲ အခက်အခဲမျိုးစုံတို့နှင့် ကြုံတွေ့နေရသည့်ဘဝမှ လွတ်မြောက်အောင်ဆောင်ကြဉ်းပေးနိုင်ရေး ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပင်လုံညီလာခံသည် ပြည်ထောင်စု၏ နှလုံး အိမ်ဖြစ်သည်။ ပင်လုံညီလာခံဆုံးရှုံးလျှင် ပြည်ထောင်စု ဆုံးရှုံးမည်ဖြစ်သည်ကို သတိရမိပါသည်။ (၂၁)ရာစုပင်လုံညီလာခံသည် ပြည်ထောင်စုတစ်ခုလုံး ဆက်လက်ရှင်သန်ဖွံ့ဖြိုးလာနိုင်စေရန်အတွက် အသက်သွေး ကြောတမျှ အရေးကြီးသည်နှင့်အညီ တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမများအားလုံးအရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအားလုံး (၂၁)ရာစုပင်လုံညီလာခံတွင် ပါဝင်ဆွေးနွေးအဖြေ ရှာရမည်ဖြစ်သည်။
ယခုအခါ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်း၊ တောင်ပိုင်းမှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် NCA တွင် လက်မှတ်ထိုးထားသည်ဖြစ်စေ၊ မထိုးရသေးဘဲဖြစ်စေ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ( NRPC) နှင့် တပ်မတော်တို့သည် တစ်ဖွဲ့ချင်း အလိုက်ဖြစ်စေ၊ အဖွဲ့အချင်းချင်းဖြစ်စေ (၂၁)ရာစုပင်လုံသို့ မတက်လှမ်းမီသုံးပွင့်ဆိုင်ဆွေးနွေးရန် ကြိုးပမ်းအားထုတ်ဆဲ၊ ကြိုးပမ်းအားထုတ်လျက်ရှိ သည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ကြားသိနေရသည်။
ယင်းအခြေအနေတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားနေသည်ကိုစိတ်မကောင်းဖွယ် ကြားသိနေရသည်။ ဇန်နဝါရီလ ၄ ရက်နေ့မှ မတ်လ ၂၈ ရက်နေ့အထိ သုံးလအတွင်း ထိတွေ့မှု ၁၀၃ ကြိမ်နှင့် မိုင်းပေါက်ကွဲမှု ၄၄ ကြိမ်ရှိပြီး စုစုပေါင်း ၃၉ ဦး ကျဆုံး၊ သေဆုံးကာ ဒဏ်ရာရသူ ၄၆ ဦး၊ နေရပ်စွန့်ခွာသူ နှစ်သောင်းနီးပါးရှိသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားရာတွင် နှစ်ဖက် သေဆုံးဒဏ်ရာရမှုများရှိမည်ဖြစ်သည်။ အဓိက ထိခိုက်နစ်နာ ရသည်မှာ ဒေသခံတိုင်းရင်းသားပြည်သူများပင် ဖြစ်သည်။
ယခုကဲ့သို့ သေဆုံး၊ ဒဏ်ရာရမှုများ၊ နေရပ်စွန့်ခွာပြီး ဒုက္ခကြုံတွေ့ရသူများကို မြင်တွေ့ကြားသိရသဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ သာမက ကမ္ဘာ့ပြည်သူများပါ စိတ်မကောင်းဖြစ်ကြမည်ဖြစ်သည်။ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည်အောင်မြင်မှုမရှိသည်ကို သိပါလျက်နှင့် ဆက်လက် တိုက်ခိုက်နေသည်မှာ မိုက်တွင်းနက်ရာရောက်ပေလိမ့်မည်။သို့ဖြစ်ရာ လမ်းဖွင့်ပေးထားပြီးဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံသို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းအားထုတ်ပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ