စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ် ကြီးကြပ်မှုဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေးရွာအုပ်စု ၊ ဒါးကျွန်းကျေးရွာ တောင်သူ ဦးသန်းခိုင်၏ ကွင်းအမှတ်(၂၇၂)ရှိ အစေ့ထုတ်ပြောင်း စိုက်ခင်းတွင် ငမြောင်တောင်ပိုး Fall Armyworm (FAW) များ ကျရောက် နေကြောင်း တွေ့ရှိရသဖြင့် ယနေ့ နံနက် ၇ နာရီခွဲက မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ညောင်ဦးခရိုင် သီးနှံကာကွယ်ရေး တာဝန်ခံများ ပါဝင်သည့် အဖွဲ့သည် ငမြောင်တောင်ပိုး စုပေါင်း ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 “ကျွန်တော်တို့ မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြင်းခြံမြို့နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်ခင်း စုစုပေါင်းဧက ၁၂၀၀၀ စိုက်ပျိုးဆောင်ရွက် ထားရှိပါတယ်။ အဆိုပါ စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၂၀၀၀ အနက် မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေးရွာအုပ်စုမှာ စိုက်ပျိုးထားရှိသည့် အစေ့ထုတ်ပြောင်း စိုက်ခင်းဧက(၄၃၇)ဧကတွင် (၆၃)ဧကခန့်မှာ ငမြောင်တောင်ပိုး ကျရောက်နေတာကို စိစစ်တွေ့ရှိရပါတယ်။ ယခုတွေ့ရှိတဲ့ ငမြောင်တောင်ပိုးဟာ မျိုးစိတ် Spodoptera Frugiptera ဖြစ်ပြီး ယခင်ကျရောက်လေ့ရှိတဲ့ ငမြောင်တောင်ပိုး မျိုးစိတ်များထက် ဖျက်ဆီးမှု၊ ပြန့်ပွားမှု လျင်မြန်တာကို စစ်ဆေးတွေ့ရှိရပါတယ်။ 

“ဒါ့ကြောင့် ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲက မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းတွေ ၊ မန္တလေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်ကေသီဝေနဲ့ တိုင်းဒေသကြီးအတွင်းရှိ မန္တလေး ၊ ရမည်းသင်း၊ မိတ္ထီလာ ၊ ညောင်ဦးခရိုင်တို့မှ ခရိုင်သီးနှံကာကွယ် ရေးတာဝန်ခံများနှင့် ပူးပေါင်းပြီးတော့ တောင်သူများ သီးနှံဝင်ငွေဆုံးရှုံးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်ပြီး ငမြောက်တောင် ပိုးကျရောက်နေတဲ့ စိုက်ခင်းကို လာရောက်ပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို စုပေါင်းဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ပိုးသတ်ဆေး ဖျန်းရာတွင်လည်း မြင်းခြံမြို့နယ်က စိုက်ပျိုးရေးဆေး ကုမ္ပဏီများဖြစ်တဲ့ မာလာမြိုင်၊ ဝိစာရ၊ ဩဘာ၊ Eagle၊ အာမို ဆေးကုမ္ပဏီများမှ ဝန်ထမ်းတွေကလည်း ကျွန်တော်တို့ အဖွဲ့တွေ့နဲ့ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် တောင်သူများကိုလည်း ပိုးသတ်ဆေးဗူးများကို ကူညီပံ့ပိုးပေးခဲ့ပါတယ်။ တောင်သူပညာပေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို တော့ မနက် ၇ နာရီခွဲမှ ၉ နာရီအထိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျန်ရှိတဲ့ ကျေးရွာတွေက အစေ့ထုတ် ပြောင်းစိုက်ခင်းတွေမှာ ငမြောင်တောင်ပိုးကျရောက်မှု ရှိ / မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ပါက ကြိုတင်ကာကွယ် ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်လင်း က ပြောပြသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)