၁  ဧပြီ

 

ယနေ့ကမ္ဘာတွင် လူသားများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့်  မကူးစက်နိုင်သောရောဂါများ အနက် ကင်ဆာရောဂါသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။  ဖြစ်ပွားမှုနှုန်းမြင့်မားပြီး သေဆုံးမှုနှုန်းလည်း အများဆုံး ဖြစ်ပါသည်။      ၂၀၁၈  ခုနှစ်တွင်    ထုတ်ပြန်သည့် GLOBOCAN၂၀၁၈ ကမ္ဘာ့ကင်ဆာရောဂါဆိုင်ရာ  ကိန်းဂဏန်းများအရ  ကမ္ဘာပေါ်တွင် နှစ်စဉ်  ကင်ဆာ ရောဂါဝေဒနာ ခံစားနေရသော လူနာအသစ် ၁၈ ဒသမ ၁ သန်းရှိပြီး သေဆုံးသူပေါင်းမှာ ၉ ဒသမ ၆ သန်း ရှိပါ သည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အမျိုးသား ငါးဦးလျှင်တစ်ဦး၊ အမျိုးသမီး ခြောက်ဦးလျှင်   တစ်ဦးခန့်သည်လူ့သက်တမ်းတွင်   ကင်ဆာရောဂါဝေဒနာ  ခံစားရနိုင်ကြောင်း ထုတ်ပြန်ထားပါသည်။

 

အသည်းကင်ဆာရောဂါ ဖြစ်ပွားမှု 


၂၀၁၄ ခုနှစ်  စစ်တမ်းများအရ အသည်းကင်ဆာသည် ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဖြစ်ပွားမှု၏  ၅ ဒသမ ၆ ရာ ခိုင်နှုန်းရှိပြီး    ဖြစ်ပွားမှုအဆင့်  (၆) တွင်ရှိပါသည်။နှစ်စဉ်  အသည်းကင်ဆာကြောင့်  သေဆုံးသူလူပေါင်း ၈၁၀ဝ၀ဝ  ခန့်ရှိပြီး  ကင်ဆာရောဂါကြောင့်  သေဆုံးရမှုတွင် အဆင့် (၂)ရှိပါသည်။   ကင်ဆာရောဂါကြောင့်သေဆုံးရသူ ၁၂ ဦးတွင် တစ်ဦးသည် အသည်းကင်ဆာကြောင့် ဖြစ်ပါသည်။ ပျမ်းမျှ အသက် ၆၃နှစ် (၆၀ မှ ၆၅ နှစ်အတွင်း)တွင်  ဖြစ်ပွားမှုနှုန်းများပြီး  အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆမှ လေးဆခန့် ပိုအဖြစ်များပါသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် အသည်း ကင်ဆာအဖြစ်များသော     ပထမ ငါးနိုင်ငံတွင်  ပါဝင်ပါသည်။

 

မြန်မာနိုင်ငံတွင်   ၁၉၇၄ -၂၀ဝ၆   ခုနှစ်ကိန်းဂဏန်းများအရ စုစုပေါင်းကင်ဆာဖြစ်ပွားမှုနှုန်းတွင် အသည်း ကင်ဆာသည် အဆင့် (၆)တွင်ရှိပါသည်။ အမျိုးသားများ တွင် ဖြစ်ပွားမှုနှုန်းအဆင့် (၃)တွင်ရှိပြီး အမျိုးသမီးများ တွင် အဆင့် (၇)တွင် ရှိပါသည်။၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၂၆) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ  ညီလာခံ၊ အသည်းကင်ဆာရောဂါ ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ(Symposium) တွင် ၂၀၁၄ ခုနှစ် WHO Country Cancer Profiles ဖော်ပြချက်အရ အမျိုးသားများတွင် ကင်ဆာဖြစ်ပွားမှုနှုန်း အဆင့် (၃) ရှိပြီး အမျိုးသမီးများတွင် အဆင့် (၅)  ရှိပါသည်။

 

အသည်းကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်း


အသည်းကင်ဆာဖြစ်ပွားရသည့်  အကြောင်းရင်းများမှာ အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ဘီပိုး၊ စီပိုးကူးစက်ခံရ ခြင်း၊ ဆေးလိပ်၊ ကွမ်းယာသုံးစွဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အချို့သော(ဟော်မုန်းပါသည့်) ဆေးဝါးများ၊ မှိုတက်နေသော(AftataxinB အဆိပ်ပါဝင်သည့်)ငရုတ်သီးခြောက်၊ မြေပဲ၊ နှမ်းနှင့်  ကျန်းမာရေးနှင့်မညီညွတ်သည့် ဆိုးဆေးပါသည့် အစာများစားသုံးခြင်း၊ အသည်းခြောက်ခြင်းကိုဖြစ်စေသော အသည်းအဆီဖုံးခြင်းနှင့် သတ္တုဓာတ်(သံဓာတ်)များ အသည်းတွင် စုပုံခြင်း၊  ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊  အဝလွန်ခြင်းနှင့် မိသားစုဝင်များတွင် ကင်ဆာရောဂါမျိုးရိုးရှိခြင်းတို့ကြောင့် ဖြစ်ရပါသည်။     အသည်းကင်ဆာဖြစ်ပွားမှုများ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်သည် ဗိုင်းရပ်စ်ဘီပိုး နှင့် စီပိုးတို့ကြောင့် ဖြစ်ပါသည်။ ခန့်မှန်းအားဖြင့် ဘီပိုး ကြောင့် ၆၀ ရာခိုင်နှုန်းခန့်နှင့် စီပိုးကြောင့် ၂၀ ရာခိုင်နှုန်းခန့်    အသီးသီးရှိကြောင်း      လေ့လာသိရှိရပါသည်။ နာတာရှည်ဘီပိုးနှင့် စီပိုးသယ်ဆောင်သူလူနာများ၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်သည် နောင် ၁၅နှစ်မှအနှစ်၂၀ ခန့်အကြာတွင်  အသည်းခြောက်၊ အသည်း ကင်ဆာရောဂါများ  ခံစားကြရပါသည်။  အထက်ပါ ဗိုင်းရပ်စ်ပိုး နှစ်မျိုးအနက် စီပိုးသည် နာတာရှည် အသည်း ရောင်ခြင်း၊ အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်းတို့ အဆင့်ဆင့်ဖြစ်ပြီးမှသာ အသည်းကင်ဆာသို့ ကူးပြောင် စေတတ်ပါသည်။ ဗိုင်းရပ်စ်ပိုးဘီသည် အထက်ပါအဆင့်များကို ကျော်ဖြတ်၍      အသည်းကင်ဆာအဖြစ်သို့ တိုက်ရိုက်ကူးပြောင်းစေတတ်သဖြင့် ပိုမိုကြောက်မက်ဖွယ်ကောင်းပါသည်။  ဘီပိုးရှိသောသူသည်  သာမန်လူထက် အသည်းကင်ဆာဖြစ်နိုင်ခြေ ၁၅ ဆမှ အဆ၂၀ အထိ များပါသည်။ ဘီပိုးကူးစက်ခံရသူများအနက် ဘီပိုး အကောင်ရေ      (HBV DNA)များခြင်း၊        မျိုးကွဲ Genotype  ဖြစ်ခြင်း၊  တခြားသော  အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုး စီ၊ ဒီနှင့် ခုခံအားကျရောဂါပိုးများနှင ပူးတွဲကူးစက်ခံရခြင်းနှင့် ဘီပိုးကူးစက်ခံထားရမှု  အချိန်ကြာမြင့်ခြင်းရှိသူများသည် အသည်းကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြားပါသည်။  ဘီပိုးကြောင့်နာတာရှည်အသည်းရောင်ရောဂါ ရှိနေသူများကို ကုသရာတွင် အသုံးပြုသည့် ဘီပိုးသေဆေး(Anti-viral)များသည် ဘီပိုးအကောင်ရေလျော့နည်းအောင်နှင့် ပပျောက်သွားအောင် ပြုလုပ်နိုင်သည့် အစွမ်းအာနိသင်ရှိသော်လည်း အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ  ဖြစ်ပွားနိုင်ခြေများကိုမူ လုံးဝမဖြစ်အောင် ရာနှုန်းပြည့် မတားဆီးနိုင်ပါ။ ထို့ကြောင့်လူတိုင်းသည် အသည်းကင်ဆာရောဂါ မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ထားသင့်ပါသည်။   အသည်းကင်ဆာ ရောဂါဖြစ်ပွားမှုကို  အဓိကဖြစ်စေသည့်  အသည်းရောင်အသားဝါဘီပိုး မကူးစက်ရစေရန်အတွက် ဘီပိုးစစ်ဆေး ထားခြင်းမရှိသော သွေးများသွင်းခြင်း၊ ကျောက်ကပ်ဆေးခြင်း၊ သေချာစွာပိုးသတ်ထားခြင်းမရှိသော ကိရိယာ(သို့)ဆေးထိုးအပ်(သို့) ပြွန်များအသုံးပြု၍ ခွဲစိတ်ခြင်း၊ သွားနုတ်ခြင်း၊  သွားစိုက်ခြင်း၊  လိင်ဆက်ဆံဖော်များခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။ အသည်းရောင်အသားဝါဘီဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမခံရလေအောင် အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အထိရောက်ဆုံးနှင့် စိတ်အချရဆုံးမှာ  အသည်းရောင်အသားဝါဘီကာကွယ်ဆေး အမြန်ဆုံးနှင့် သတ်မှတ်အကြိမ်ရေပြည့်အောင်     ကြိုတင်ထိုးနှံမှုခံယူကြရန် ဖြစ်ပါသည်။

 

အသည်းရောင် အသားဝါဘီကာကွယ်ဆေး


ကမ္ဘာပေါ်တွင် အသည်းရောင် အသားဝါဘီကာကွယ်ဆေးကို လွန်ခဲ့သော  နှစ်  ၄၀  ခန့်ကတည်းက  စတင်ထုတ်လုပ်   ထိုးနှံခဲ့ကြပါသည်။ ၁၉၈၁ ခုနှစ်တွင်သွေးရည်ကြည်(Plasma)မှတစ်ဆင့်     အဆင့်ဆင့်သန့်စင်သောနည်းပညာဖြင့်လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင်  မှိုတဆေး(Yeast)မှတစ်ဆင့်  ဗီဇနည်းပညာဖြင့်လည်းကောင်း ထုတ်လုပ်ခဲ့ပါသည်။ ဘီပိုးကာကွယ်ဆေး စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက အသည်းကင်ဆာရောဂါ  ဖြစ်စေသည့် အသည်းရောင်အသားဝါဘီပိုး မကူးစက်ရလေအောင် ကာကွယ်နိုင်သည့် ဆေးဖြစ်ခြင်းကြောင့် ကမ္ဘာပေါ် တွင်  ပထမဦးဆုံးသော ကင်ဆာရောဂါကာကွယ်ဆေးဟု သတ်မှတ်ခဲ့ကြပါသည်။          မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန      ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) သုတေသီပညာရှင်များမှ ၁၉၉၆ ခုနှစ်နှင့် ၂၀ဝ၆ ခုနှစ်တို့တွင်    အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို  သွေးရည်ကြည်နှင့် မှိုတဆေးမှတစ်ဆင့် အသီးသီးအောင်မြင်စွာ  ထုတ်လုပ်နိုင်ခဲ့ပါသည်။  ၂၀ဝ၇  ခုနှစ်တွင် ဘီပိုးကာကွယ်ဆေးထုတ်လုပ်သည့် အဆင့်မြင့် ဗီဇနည်းပညာနှင့် စက်ရုံကြီးအား အမှတ်(၁) စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။ ယခုအချိန်တွင် မြန်မာ နိုင်ငံဆေးဝါးစက်ရုံမှ ဘီပိုးကာကွယ်ဆေးများကို WHOမှသတ်မှတ်သည့်  ကောင်းမွန်သော   ထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့်အညီ   ဆက်လက်ထုတ်လုပ်လျက်ရှိပါသည်။

 

ဘီပိုးကာကွယ်ဆေးထိုးနည်းအစီအစဉ် သုံးမျိုးရှိပါ သည်။  ပထမတစ်နည်းမှာ    ခုခံအားပုံမှန်ရရှိလိုသူများ အတွက်(ဝ-၁-၆)လများတွင်လည်းကောင်း၊    ခုခံအား အမြန်လိုသူများအတွက်    (ဝ-၁-၂-၁၂)    လများတွင် လည်းကောင်း၊    အချိန်တိုအတွင်း  ဆေးထိုးလိုသူများ အတွက် (ဝ-၇-၂၁) ရက်များတွင်လည်းကောင်း၊ ထိုးနှံမှုခံယူနိုင်ပါသည်။ ကာကွယ်ဆေး သုံးကြိမ်ထိုးပြီးပါက ဆေးအောင်၊ မအောင်(ပဋိပစ္စည်းထွက်၊ မထွက်) နောက်ဆုံး အကြိမ်ထိုးပြီး  တစ်လခွဲ  (သို့မဟုတ်)နှစ်လအကြာတွင် သွေးစစ်ဆေးကြည့်နိုင်ပါသည်။ ဘီပိုးကာကွယ်ဆေးသည်ရာ နှုန်းပြည့် စိတ်ချအန္တရာယ်ကင်းပြီး ခုခံအားပဋိပစ္စည်းထွက်ရှိမှုသည်လည်း ၉၅ ရာခိုင်နှုန်းကျော်ခန့် ရှိပါသည်။ ဘီပိုးကာကွယ်ဆေးမထိုးမီ မိမိတွင်ဘီပိုးကူးစက်ခံထားရခြင်း  ရှိ၊  မရှိကို  သွေးတွင် ဘီပိုးအခွံ(HBsAg)  ပဋိလှုံပစ္စည်း ရှိ၊ မရှိစစ်ဆေးမှုပြုရပါမည်။ ဘီပိုးပဋိပစ္စည်း(Anti-HBs)ကိုလည်း အတူစစ်ဆေးနိုင်ပါက ပိုကောင်းပါသည်။ ဘီပိုးပဋိလှုံပစ္စည်းမရှိမှသာ  ဘီပိုးကာကွယ်ဆေးထိုးနှံမှုခံယူရပါမည်။ ပဋိပစ္စည်းရှိနှင့်နေပြီးဖြစ်ပါက ကာကွယ်ဆေး ထိုးနှံမှု တစ်ကြိမ်သာ(လိုအပ်မှသာ)ထိုးနှံပေးရန် လိုအပ်ပါသည်။  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ သတ်မှတ်ချက်အရ ဘီပိုးကူးစက်မှုကို ကာကွယ်နိုင်သော ဘီပိုးပဋိပစ္စည်း (Anti-HBs)10mIU/ml ရှိပါက ဆေးအောင်သည်။ ဘီပိုးကူးစက်ခြင်းကို      ကာကွယ်နိုင်သည်ဟု သတ်မှတ်ပါသည်။ ပဋိပစ္စည်းလုံးဝမထွက်မှသာ ထပ်မံ၍ ကာကွယ်ဆေးထိုးရန် လိုပါမည်။ ပဋိပစ္စည်းထွက်ရှိသူများသည် ပုံမှန်အားဖြင့် အားဖြည့်ကာကွယ်ဆေး(Booster Dose)ကို ထပ်မံထိုးနှံရန် မလိုအပ်ပါ။ ဘီပိုးပဋိပစ္စည်းသည်ကာကွယ်ဆေးထိုးထားသူ၏ ခန္ဓာကိုယ်အတွင်း ၁၅နှစ်မှနှစ်၂၀  အထိ ရှိနေနိုင်ပါသည်။  ရောဂါပိုး  အသစ်ထပ်မံဝင်ရောက်လာပါက  Immune Memory ဖြင့် ပဋိပစ္စည်းများ ထပ်မံများပြားစွာပေါ်ထွက်လာပြီး ဝင်ရောက်လာသည့်ဘီပိုးကို     ခုခံတိုက်ဖျက်     ကာကွယ်သွားနိုင်ပါသည်။  အားဖြည့်ကာကွယ်ဆေးထိုးခြင်းကို ဘီပိုးကူးစက်နိုင်ခြေ (Risk)များသည့်သူများဖြစ်သော ကျန်းမာရေးဝန်ထမ်း များ၊ မကြာခဏသွေးသွင်းကုသမှုနှင့် ကျောက်ကပ်ဆေးကုသမှု ခံယူနေရသူများ၊  လိင်ဆက်ဆံဖော်များသူများ၊ ယခင်ကတည်းက  မိမိတွင်  အသည်းရောင်အသားဝါစီဗိုင်းရပ်စ်ပိုးနှင့် ခုခံအားကျရောဂါပိုးများ ကူးစက်ခံထားရ သူများ၊  ဘီပိုးကူးစက်ခံထားရသူများ၏  ကြင်ဖော်ဇနီး၊ ခင်ပွန်းနှင့် မိသားစုဝင်များကိုသာ (ငါးနှစ်လျှင် တစ်ကြိမ်) ထပ်မံထိုးနှံပေးရန် လိုအပ်ပါသည်။ ဘီပိုးရှိသော မိခင်မှမွေးဖွားလာသည့် ကလေးငယ်များအား   ဘီပိုးမကူးစက်စေ ရန် ကိုယ်ဝန်ဆောင်စဉ်  လရင့်ပိုင်းရက်များမှစ၍   မိခင်ကိုယ်တိုင် ဘီပိုးသေဆေးနေ့စဉ်ပုံမှန်  သောက်သုံးခြင်း၊ မွေးကင်းစကလေးငယ်အား  မွေးပြီး  ၁၂  နာရီအတွင်း ဘီပိုးသေဆေး  ထိုးဆေး(HBIG)နှင့်အတူ  ဘီပို ကာကွယ်ဆေးကို တစ်ပြိုင်တည်းထိုးပေးနိုင်ပါက မိခင်မှကလေးငယ်သို့ ဘီပိုးကူးစက်ခြင်းခံရမှုကို တစ်ရာ ခိုင်နှုန်း အထိ သိသာစွာ လျှော့ချနိုင်ပါသည်။ ပုံမှန်မိခင်မှ မွေးဖွား သော မွေးကင်းစကလေးငယ်များကိုလည်း  မွေးဖွားပြီး ၂၄    နာရီအတွင်း  ဘီပိုးကာကွယ်ဆေး  တစ်ကြိမ်ထိုးပေးရန် လိုအပ်ပါသည်။

 


အသည်းကင်ဆာရောဂါ ကြိုတင်ကာကွယ်မှု


၂၀ဝ၃ ခုနှစ်မှစတင်၍  နိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေး ထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်တွင် ဘီပိုးကာကွယ်ဆေး ထိုးနှံခြင်းကို  ထည့်သွင်းထားခဲ့ပြီး  ကလေးငယ်များကိုအသက် (နှစ်လ၊ လေးလနှင့် ခြောက်လ)အရွယ်တို့တွင်ဘီပိုး ကာကွယ်ဆေးကို   ငါးမျိုးစပ်ကာကွယ်ဆေးတွင်ထည့်သွင်း၍  အခမဲ့ထိုးနှံပေးလျက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် ဆေးရုံကြီးများနှင့်ဆေးကုခန်းများတွင် မွေးဖွားသော မွေးကင်းစကလေးငယ်များကိုလည်း အခမဲ့ထိုးပေး လျက်ရှိပါသည်။   အထက်ပါစီမံချက်များ၏ ထိရောက်အောင်မြင်မှုကြောင့် ကလေးငယ်များတွင် အသည်းရောင်အသားဝါ  ဘီပိုးကူးစက်ခံရမှုနှုန်းများလည်း  သိသာစွာ လျော့နည်းကျဆင်းလာနေပြီဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်း ကွင်းဆင်းသုတေသနပြုချက်အရ မြန်မာနိုင်ငံလူဦးရေ၏ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၇ ရာခိုင်နှုန်းတွင် ဘီပိုးနှင့်စီပိုး အသီးသီး ကူးစက်ခံထားရကြောင်း   သိရှိရပါသည်။ ထို့ကြောင့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်း(ငါးသန်း)ခန့်သည်   ဘီပိုး (သို့မဟုတ်) စီပိုးကူးစက်ခံထားရကြောင်း ခန့်မှန်းရပါသည်။  အဆိုပါ ကူးစက်ခံရပြီးလူနာများအနက် ၁၀ရာခိုင်နှုန်း (ငါးသိန်း) ခန့်သည်သာလျှင် မိမိတွင် ပိုးကူးစက်ခံထားရကြောင်း သိရှိကြပြီး ကျန် ၉၀ ရာခိုင်နှုန်း(၄ ဒသမ ၅ သန်း)ခန့်သည် မသိရှိကြပါ။ ထို့ကြောင့် အဆိုပါ လူများအားလုံးသည် မိမိတွင်  အသည်းရောင်အသားဝါပိုးများ  ရှိ၊  မရှိစစ်ဆေးမှုခံယူသင့်ပြီး  ဘီပိုးကူးစက်ထားခြင်းမရှိသေးပါက ဘီပိုးကာကွယ်ဆေးကို အမြန်ဆုံးထိုးနှံမှု ခံယူရန်နှင့်အနည်းဆုံးဆေး သုံးကြိမ်ပြည့်အောင် ထိုးနှံကြရန်လည်း လိုအပ်ပါသည်။  WHO၏ အကြံပြုချက်အရ အထက်တွင်ဖော်ပြခဲ့သော ဘီပိုးကူးစက်နိုင်ခြေ (Risk) များသူများသည် ဘီပိုးကူးစက်ထားခြင်းမရှိသေးပါက ကာကွယ်ဆေး အမြန်ဆုံးထိုးနှံမှုခံယူရန် လိုအပ်ပါသည်။   ဘီပိုးကူးစက်ခံရခြင်း   မရှိသေးသူများတွင် ဘီပိုးကာကွယ်ဆေးထိုးပေးခြင်းဖြင့် အသည်းကင်ဆာကိုဖြစ်စေသော ဘီပိုးအပြင်ဒီဗိုင်းရပ်စ်ပိုး  နှစ်မျိုးလုံးကို  ကာကွယ်ပေးနိုင်ပါသည်။ စီပိုးရှိနှင့်ပြီးသောလူများကို ဘီပိုးကာကွယ်ဆေးထိုးပေး ပြီးပါက ဘီပိုးနှင့် ဒီပိုးထပ်မံကူးစက်ခံရခြင်း မရှိနိုင်တော့၍ စီပိုးကြောင့် အသည်းကင်ဆာရောဂါ ကူးပြောင်းဖြစ်ပွားမှု သိသာစွာကျဆင်းလာနိုင်ပါသည်။

 

ကြံပြုတင်ပြချက်


ယနေ့အထိ WHO မှ  အသိအမှတ်ပြု ကာကွယ်ဆေး  ၂၆  မျိုးအပါအဝင်    ကမ္ဘာပေါ်တွင် စုစုပေါင်း ကာကွယ်ဆေးအမျိုး  ၃၀  ရှိပါသည်။  ယင်းတို့အနက်ကင်ဆာရောဂါကို  ကာကွယ်နိုင်သော  ကာကွယ်ဆေးမှာ    နှစ်မျိုးသာရှိပါသည်။    သားအိမ်ခေါင်းဗိုင်းရပ်စ်ပိုး (လိင်အင်္ဂါ၊ ကြွက်နို့ ဗိုင်းရပ်စ်ပိုး) ကူးစက်ခြင်းကို   ကာကွယ်သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသည်းရောင်အသားဝါဘီပိုးကူးစက်ခြင်းကို ကာကွယ်သည့် အထက်ဖော်ပြပါ အသည်းကင်ဆာကာကွယ်ဆေး တို့ဖြစ်သည်။ အသည်းကင်ဆာဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဘီဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်သောကြောင့် လူတိုင်းသည် ဘီပိုးကူးစက်ခံရခြင်း ရှိ၊  မရှိ  အမြန်ဆုံးစစ်ဆေးမှုခံယူပြီး  ဘီပိုးကူးစက်ခြင်း မခံရသေးသောလူတိုင်း  (အထူးသဖြင့်  ဘီပိုးကူးစက်နိုင်ခြေများသောလူတိုင်း၊    အသည်းကင်ဆာဖြစ်ပွား နိုင်ခြေများသောလူတိုင်း)သည် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို မပျက်မကွက် ချက်ချင်းထိုးနှံမှုခံယူခြင်းဖြင့် ဘီဗိုင်းရပ်စ်ပိုးကြောင့်   ဖြစ်ပွားရသည့် ကြောက်မက်ဖွယ်ကောင်းသော        အသည်းကင်ဆာရောဂါကြီး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ပါကြောင်း အသိပေးအကြံပြုတင်ပြလိုက်ရပါသည်။      

ဒေါက်တာဝင်းအောင်(သုတေသီ)