၂ ဧပြီ
မိမိတို့ နိုင်ငံသူ နိုင်ငံသားများ (တစ်နည်းအားဖြင့်) ပြည်သူများ၏ အလိုလားဆုံးဆန္ဒများကို ဖော်ထုတ်ကြည့်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့က ထိပ်ဆုံးမှဖြစ်လိမ့်မည်ဟု ယုံကြည်မိသည်။ ယင်းအလိုဆန္ဒများ၏ တစ်ခုချင်းစီသည်ပင်လျှင် ကြီးမားကျယ်ပြန့်သလောက် နက်နဲသိမ်မွေ့ ရှုပ်ထွေးလှသည်လည်း ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသော လိုလားချက်ကို ဖော်ဆောင်မည်ဆိုလျှင်ပင် အရင်းအနှီးချို့တဲ့ခြင်း၊ နည်းပညာ အဆင့်အတန်းနိမ့်ကျခြင်း စသည့် အခက်အခဲများအပြင် တစ်ဖက်တွင်လည်း မဖွံ့ဖြိုးမတိုးတက်သည့် အခြေအနေ အရပ်ရပ်အောက်တွင် ဆယ်စုနှစ်၊ ရာစုနှစ်များနှင့်ချီ၍ နေထိုင်လာခဲ့ကြရသည့် လူ့အဖွဲ့အစည်းအတွင်းမှ လူမှုထုံးဓလေ့များ၊ အတွေးအခေါ်များ၊ သဘောထားအမြင်များ၊ တန်ဖိုးထားရှိမှုစံနှုန်းများ စသည်တို့တွင်လည်း ဖွံ့ ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေနိုင်သည့် အတားအဆီးများရှိနေနိုင်ကြောင်း ပညာရှင်များက ဖော်ပြခဲ့ကြသည်။ ပြည်ပနိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖို့ “ကျားသနားမှ နွားချမ်းသာရ”သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရကာ အကဲမသာ၊ အခွင့်အလမ်းကင်းမဲ့သည့်ဘဝသို့ ကျရောက်ကြရပြန်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အထက်ဖော်ပြပါ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရပြီး “ဆင်းရဲပြီး ဆင်းရဲ၊ နိမ့်ကျပြီး နိမ့်ကျ” ရသည့် အဆိုးကျော့စက်ဝန်းထဲ တွင် ကရွတ်ကင်းလျှောက်ပိတ်မိကာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းမှန်ပေါ် မရောက်နိုင်သည့် အဖြစ်မျိုးနှင့်လည်း ကြုံကြရကြောင်း ကမ္ဘာ့နိုင်ငံအချို့ကို သုတေသီတို့က ဥပမာအဖြစ် ထောက်ပြကြသည်။ ယင်းကဲ့သို့သော သံသရာမှ ရုန်းထွက်ရန်မှာလည်း သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်မှာသာ အဖြေရှာကြရမည်ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရင်းအနှီးလိုအပ်ချက်၊ နည်းပညာလိုအပ်ချက် စသည်တို့ထက် နိုင်ငံနေပြည်သူတို့၏ စိတ်ဓာတ်ခွန်အားကသာ ပဓာနအကျဆုံးဖြစ်ခြင်းကြောင့် ဖြစ်သည်။
သမိုင်း၏ဆိုးမွေများကြောင့် ခေတ်နောက်ကျနေသည့် နိုင်ငံတစ်နိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်လာအောင် စွမ်းအားစိုက်ထုတ် လုပ်ဆောင်မည့်သူများမှာ ယင်းနိုင်ငံမှ ပြည်သူများဖြစ်သည်။ သို့ရာတွင် ငြိမ်သက်နေသည့် အများစုကြီး (Passive Majority) ကို လှုပ်နှိုး၍ လမ်းမှန် ကမ်းမှန်ပေါ်ရောက်ရှိအောင် ဦးဆောင်ဦးရွက်ပြုသူ ခေါင်းဆောင်များ (Active Minority) သည်လည်း အခရာကျပြီး အဆိုပါ အင်အားစု နှစ်ရပ် (တစ်နည်းအားဖြင့်) ပြည်သူနှင့် အစိုးရတို့၏အကြား အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှုတို့က မရှိမဖြစ်လိုအပ်သော အခြေအနေ တစ်ရပ်ပင်ဖြစ်သည်။
“ကျွန်မတို့နိုင်ငံ တိုးတက်ဖို့ဆိုတာ အဓိကအားဖြင့် ပြည်သူမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို သွားနေပြီဆိုရင် ပြည်သူမှာ တာဝန်ရှိတယ်။ မှန်ကန်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို ရွေးချယ်တင်မြှောက်ရမယ်။ ဒါမှ ကိုယ့်ကို လေးစားမယ့်၊ ကိုယ့်ကိုထောက်ထားမယ့် အစိုးရတစ်ခုကနေပြီး နိုင်ငံတာဝန်ကိုယူမှာ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့လည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ နှစ်ဦးနှစ်ဖက်ကနေပြီးတော့ တာဝန်သိသိနဲ့ လုပ်ဆောင်သွားရင် ကျွန်မတို့ဟာ စိန်ခေါ်မှုမှန်သမျှကို ကျော်လွှားရင်ဆိုင်နိုင်ပြီး စိန်ခေါ်မှုတွေဟာ အခွင့်အရေးတွေ ဖြစ်သွားမယ်လို့ သေသေချာချာ စွဲစွဲမြဲမြဲ ယုံကြည်ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါအဆိုအမိန့်သည်လည်း အစိုးရနှင့်ပြည်သူတို့ကြားမှ အဆက်အစပ်ကို လည်းကောင်း၊ အပြန်အလှန် နားလည်မှုနှင့် လေးစားမှုတို့ကိုလည်းကောင်း၊ ကိုယ်စီတာဝန်ရှိမှုတို့ကို လည်းကောင်း ညွှန်ပြလျက်ရှိပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓာနအကျဆုံး လိုအပ်ချက်ပင်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း