ဖလမ်းမြို့ရှိ စည်ပင်သာယာရေးဈေးအား အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဈေးသူ ဈေးသားများ ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးသစ် ဆောက်လုပ်နိုင်ရေးသည် မိဘပြည်သူများ အားလုံးတွင် တာဝန်ရှိကြောင်း၊ အစိုးရဘက်က စည်ပင်ဈေး ဆောက်လုပ်နိုင်ရေး ဘတ်ဂျက်ချပေးရန် အစီအစဉ် မရှိသည့်အတွက် ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကာ ဆောက်လုပ်ရန် လျာထားခြင်းဖြစ်ကြောင်း၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ်ထန်းက ကုမ္ပဏီများနှင့် ဆိုင်ခန်း ဈေးနှုန်းကိစ္စကို အတတ်နိုင်ဆုံးညှိနှိုင်း၍ မူလက တစ်ခန်း သိန်း ၁၀၀ ကို သိန်း ၈၀၊ တစ်ခန်း သိန်း ၈၀ ကို သိန်း ၆၀ နှင့် တစ်ခန်း သိန်း ၃၀ ကို သိန်း ၂၀ ဖြင့် ဈေးနှုန်းညှိနှိုင်းထားကြောင်း၊ ဖလမ်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒါလ်လျန်အုပ်က ဈေးအဆောက်အအုံသစ် တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီကို အချက်သုံးချက်နှင့် ကိုက်ညီသည့် အဆောက်အအုံဖြစ်ရန် ညှိနှိုင်းထားကြောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဈေးသူ ဈေးသားများကလည်း ဆိုင်ခန်းတစ်ခန်း ဝယ်ယူရန် တတ်နိုင်သည့် ဈေးနှုန်းများနှင့် ဆိုင်ခန်းခကို ၅ နှစ်အရစ်ကျနှင့် ပေးချေလိုကြောင်း တင်ပြကြပြီး စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ကုမ္ပဏီဘက်က တောင်းဆိုချက်အရ အခုချပြတဲ့ ဈေးနှုန်းအတိုင်းသာ လက်ခံကြောင်း၊ ဆိုင်ခန်းဝယ်ခကို ၁ နှစ်အတွင်း ပေးချေရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ဖလမ်းမြို့စည်ပင်သာယာရေး ဈေးဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက်လုပ်မည့် ကုမ္ပဏီများ၊ ဈေးသူ ဈေးသားများ ပထမအကြိမ် ဆွေးနွေးညှိနှိုင်းပွဲကို ဖလမ်းမြို့၌ ကျင်းပခဲ့ပြီး ဆိုင်ခန်းဈေးနှုန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်မည့် ကုမ္ပဏီနှင့် ဈေးသူ ဈေးသားများအကြား သဘောတူညီချက် မရသဖြင့် ယခုအခါ ဒုတိယအကြိမ် ပြန်လည်ညှိနှိုင်းခြင်းဖြစ်သည်။
ဖလမ်းမြို့ စည်ပင်သာယာရေး ဈေးအဆောက်အအုံသည် နှစ် ၃၀ ကျော် ကြာပြီဖြစ်ပြီး ခေတ်နှင့် မလျော်ညီဘဲ သက်တမ်းရင့် ဟောင်းနွမ်းနေပါသဖြင့် ချင်းပြည်နယ် အစိုးရအဖွဲ့က စည်ပင်သာယာရေး ဈေးတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဖိတ်ခေါ်ပြီး Chin Public Company (CPC) က ဈေးသူ ဈေးသားများ၏ ထည့်ဝင် ငွေနှင့် RC တိုက် ၅ ထပ်ဖြင့် ဆောက်လုပ်ရန် လျာထားပြီး အရှေ့မျက်နှာစာ အခန်းတစ်ခန်းကို သိန်း ၈၀၊ အောက်ထပ်ခန်း တစ်ခန်းကို သိန်း ၆၀၊ ဟင်းသီးဟင်းရွက်ခန်းကို သိန်း ၂၀ ဖြင့် ရောင်းချနိုင်မှသာ ကုမ္ပဏီ ဘက်က ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဂျွန်