စာဖတ်ရှိန် မြှင့်တင်နိုင်ရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Shanti Volunteer Association တို့ ပူးပေါင်းဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက်နှင့် ကျောင်းစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးစိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက ၂၀၁၉ ခုနှစ် အတွင်း သတ်မှတ်ရွေးချယ်ထားသော ကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှု ဆောင်ရွက်မည့် အစီအစဉ်များ၊ စာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်မည့်စာကြည့်တိုက် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများမှ ဆောင်ရွက်လျက်ရှိသော စာကြည့်တိုက် လုပ်ငန်းဆိုင်ရာ အခြေအနေများနှင့် သိရှိလိုသည့် စာကြည့်တိုက် လုပ်ငန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ကလေးစာဖတ်ခန်းအား လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ လက်ပံတန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း ၁၉ ကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး