စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက် တို့တွင် ကျင်းပသွားမည်ဖြစ်ရာ အခမ်းအနား ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မီဒီယာတွေ့ဆုံရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတိုင်း စာပေဖတ်ရှုလေ့လာသည့် အလေ့အထ ပိုမိုကျယ်ပြန့် တိုးတက်လာစေရန်အတွက် နိုင်ငံတစ်ဝန်းလုံးတွင် ကလေးစာပေပွဲတော်များ၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များ၊ စာအုပ်ဈေးရောင်းပွဲတော်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
နေပြည်တော်တွင် ကျင်းပမည့် စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနား၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်လာစေရေးအတွက် အားပေးလှုံ့ဆော်ရန်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လှုပ်ရှားမှုများကို နိုင်ငံအနှံ့တွင် ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ရန် ရည်ရွယ်ပါကြောင်း။
အဆိုပါ လှုပ်ရှားမှုအခမ်းအနားတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များအနက် ဆန်းသစ်တီထွင်မှု အကောင်းဆုံး စာကြည့်တိုက် ၂၀ ကို ဆုများချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ၅ ခု၊ စာတမ်း ၃ စောင်ကို ဖတ်ကြားရှင်းလင်းသွားမည်ဖြစ်ပြီး ပြခန်း ၂၆ ခန်း ပြသရန် လျာထားပါကြောင်း၊ ထို့ပြင် စာအုပ်ဈေး ရောင်းပွဲတော်များကိုလည်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး လှုပ်ရှားမှုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မီဒီယာများက ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြဦးနှင့် အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်တို့က စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဌာနအလိုက် ပါဝင်ပြသသွားမည့် ပြခန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် မီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား၌ ပါဝင်ပြသမည့် ပြန်ကြားရေးဝန်ကြီးဌာန ပြခန်းများတွင် မြန်မာ့အသံရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခဲ့သည့် ပြည်သူအသိပညာပေး အစီအစဉ်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ပြည်သူအသိပညာပေး လုပ်ငန်းများ၊ ယခင် ပြန်ကြားရေးနှင့် အသံလွှင့်ဌာနခွဲအနေဖြင့် တာဝန်ယူစဉ် စက်ဘီးနယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ခဲ့မှု၊ ယခင် ရုပ်ရှင်ကော်ပိုရေးရှင်းမှ သတင်းပြန်ကြားရေး ရိုက်ကူးခဲ့သည့် မှတ်တမ်းများ၊ စက်ပစ္စည်းများ၊ ထင်ရှားကျော်ကြားသည့် စာရေးဆရာကြီးများ၏ ဓာတ်ပုံများ၊ ထုတ်ဝေခဲ့ပြီးသော စာအုပ်စာစောင်များကို လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ထုတ်ဝေခဲ့သော စာအုပ် ၃၀၀၀ ကျော်ကိုလည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးဌာနက ၁၉၄၇ ခုနှစ်မှ စတင်ကာ စာပေဗိမာန်က ထုတ်ဝေခဲ့သည့် စာအုပ်များကို နှစ်အလိုက် ပြသမည်ဖြစ်ကာ အထူးသဖြင့် ရှားပါးစာအုပ်များကို အလေးထားပြသွားမည်ဖြစ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် လူထုအလင်းစာစဉ်၊ လူထုအိတ်ဆောင်စာစဉ်၊ လူထုတက္ကသိုလ်စာစဉ်၊ လူထုသိပ္ပံစာစဉ်၊ လူထုသိပ္ပံကျမ်းတွဲများ၊ ၁၉၅၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် စာပေဗိမာန်မဂ္ဂဇင်းများနှင့် ၁၉၅၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွဲ၊ ၁၉၆၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဝေါဟာရဘဏ် စာအုပ် ၂ တွဲနှင့်အတူ ရှေးစာရေးဆရာကြီးများ ရေးသားခဲ့သည့် ရှားပါးပြည်သူ့ လက်စွဲစာစဉ်များ၊ ယခင်က စာပေဗိမာန်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးတွဲပြီး ကျောင်းသုံးဖတ်စာစာအုပ်များကို ပြုစုထုတ်ဝေခဲ့သည့်အတွက် ယခင် ကျောင်းသုံးဖတ်စာ စာအုပ်များ၊ စာပေဗိမာန်ကကြီးမှူး၍ စာတမ်းဖတ်ပွဲ ၂၄ ကြိမ် ကျင်းပခဲ့ပြီး အဆိုစာ တမ်းဖတ်ပွဲများမှ စာတမ်းများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေသည့် စာတမ်းဖတ်ပွဲ စာအုပ်များ၊ စာပေဗိမာန်မှ ထုတ်ဝေခဲ့သည့် စာအုပ်များ၊ စာပေဗိမာန်မှ ယခုအချိန်အထိ အဓိကထုတ်ဝေနေသည့် ရွှေသွေးဂျာနယ်၊ သုတပဒေသာစာစောင်၊ မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များထဲမှ ရှေးဦးထွက်ရှိထားသည့် စာအုပ်စာစောင်များကို လည်းကောင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၏ အမျိုးသားစာကြည့် တိုက်ပြခန်းများတွင် ပေစာ ၅ မျိုး၊ ပေထုပ်အကြောင်း၊ ပေပင်နှင့် ပေရွက်များအကြောင်း၊ ပုရပိုက်များ၊ ပေစာရေးသားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ပုရပိုက်များ ထိန်းသိမ်းထားသည့် စာတိုက်သေတ္တာများ၊ မင်ကူးထားသည့် ကျောက်စာများ၊ မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့် စာအုပ် ၉၄ အုပ်၊ မြန်မာအက္ခရာ ပြောင်းလဲလာပုံ၊ လက်တွေ့ပေစာရေးသားပုံ၊ စာစည်းရိုးနှင့် စာပုလွေ ရက်လုပ်ပုံ အဆင့်ဆင့်တို့ကို လည်းကောင်း၊ အမျိုးသားပြတိုက်ပြခန်းများတွင် ကျောက်စာမူရင်းနှင့် ရွှေပေလွှာများ၊ အလောင်းမင်းတရား၏ ရွှေပေလွှာ ဗွီဒီယိုမှတ်တမ်းနှင့် ခေတ်အဆက်ဆက်စာပေနှင့် သက်ဆိုင်သည့် ပြသပစ္စည်းများစွာကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာဦးစီးဌာနပြခန်းများတွင် ကလေးမိတ်ဆွေ စာကြည့်တိုက်ပုံစံနှင့် ကလေးများအတွက် ရည်ရွယ်သည့် လှုပ်ရှားမှုများ၊ အခင်းအကျင်းများနှင့် ကလေးစာကြည့်တိုက်အတွင်း လှုပ်ရှားဆောင်ရွက်နေသည့် လုပ်ငန်းများကို ပါဝင်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ပြခန်းများတွင် မော်ကွန်း-မှတ်တမ်း အထောက်အထားများနှင့် ထိန်းသိမ်းနည်းများကို ပြသသွားမည်ဖြစ်ပြီး မော်ကွန်း-မှတ်တမ်း ပြသခြင်းအပိုင်းတွင် စစ်သူကြီးမဟာဗန္ဓုလပေစာ (၁၈၂၄)၊ ရန္တပိုစာချုပ် (၁၈၂၆)၊ မင်းတုန်းမင်းစာခွေ (၁၈၅၅)၊ နန်းတွင်းအရေးတော်ပုံစာတွဲ (၁၈၆၆)၊ ပြင်သစ်နှင့် မြန်မာဘုရင်တို့ ချုပ်ဆိုသော စာချုပ်(၁၈၈၃)၊ ၁၈၈၅ ခုနှစ် ဧပြီ ၄ ရက်တွင် ရောမမြို့၌ ချုပ်ဆိုကြသည့် မဟာမိတ်စာချုပ်၊ အတွင်းဝန်လှေသင်းဝန် စလေမြို့စားမင်း၊ လင်းပင်မင်းသား၏ လက်ရေးမူနှင့် လက်မှတ်၊ ကင်းဝန်မင်းကြီး လက်မှတ်များ၊ ဗြိတိသျှခေတ် မြန်မာနိုင်ငံတော် ပြန်တမ်း(၁၈၈၆)၊ သီပေါမင်းလက်ထက်တွင် ဘဏ္ဍာတော်အဖြစ် အသိမ်းခံရသည့် မြောက်ရွှေရေး မိဖုရား၏ လက်ဝတ်ရတနာ ပိုင်ဆိုင်မှုစာရင်း (၁၈၈၆)၊ ပတ္တမြားငမောက်စာတွဲ(၁၈၈၇)၊ ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း (၁-၈-၁၉၄၃)၊ ဂျပန်ခေတ်စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း(၁၉၄၄)၊ အောင်ဆန်း-အက်တလီစာချုပ် (၁၉၄၇)၊ ပင်လုံစာချုပ်(၁၉၄၇)၊ ဦးအောင်ဆန်း စတင်ခေါင်းဆောင်သော အစိုးရအဖွဲ့ အဖွဲ့ဝင်များ စာရင်း၊ မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြု လွှတ်တော်ညီလာခံများ၏ စာတွဲ ၁- အစည်းအဝေးအမှတ်-၁(၁၉၄၇)၊ နု-အက်တလီစာချုပ်(၁၉၄၇)၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(၁၉၄၇)၊ လွတ်လပ်ရေးကြေညာစာတမ်း(၁၉၄၈)၊ ပြည်တော်သာ စီမံကိန်း(၁၉၅၄)၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(၁၉၇၄)၊ ရှမ်းပုရပိုက်ဖြူ (၅)ဆူ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၂၀၁၅)၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့် ယင်းစာချုပ်၏ နောက်ဆက်တွဲ (က)(ခ)(ဂ)နှင့် (ဃ)တို့ ပါဝင်သော စာချုပ် (၂၀၁၇)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၂၀၁၈) စသည်တို့ကို ခင်းကျင်းပြသသွားမည် ဖြစ်သည်။
မော်ကွန်းမှတ်တမ်း အထောက်အထားများနှင့် ရှေးဟောင်းစာပေများ ထိန်းသိမ်းနည်း ပြသခြင်းတွင် မိုက်ကရိုဖလင်ဖြင့် ထိန်းသိမ်းခြင်းနည်းပညာ (မိုက်ကရိုဖလင် Scanner တစ်လုံး)၊ မိုက်ကရိုဖလင်မှ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသိမ်းဆည်းခြင်း နည်းပညာ (Portable Scanner နှစ်လုံး)၊ Database System မှ မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားသော အကြောင်းအရာများ ရှာဖွေခြင်း (PC ၅ လုံး)နှင့် Paper Conservation Process များကို ပါဝင်ပြသသွားမည်ဖြစ်သည်။
စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)