မြို့ပြအခြေအနေ ဖွံ့ဖြိုးပြောင်းလဲလာမှုကို မှတ်တမ်းတင်နိုင်ရန်နှင့် တိုင်းအတိုင်း ကျေးရွာ ၂၅ ရွာကို မြေငှားဂရန်များ ထုတ်ပေးနိုင်ရန် မြေတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရသည်။
''မြို့အခြေအနေတွေက ပြောင်းလဲနေကြပြီ။ အသေးစိတ် တိုင်းတာဖို့ လိုနေတဲ့ အတွက်ကြောင့် အောင်လံ၊ ငဖဲ၊ ကျောက်ထု၊ နတ်မောက် မြို့လေးမြို့ကို မြေတိုင်းဖို့ ရှိပါတယ်။ ကျေးရွာမြေငှားဂရန်တွေ ထုတ်ပေးနိုင်ဖို့အတွက်လည်း တိုင်းအတွင်း ၂၅ မြို့နယ်မှာ တစ်မြို့နယ် တစ်ရွာနှုန်းနဲ့ ကျေးရွာ ၂၅ ရွာ တိုင်းတာရေးတွေ စလုပ်နေပါပြီ'' ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
ကျေးရွာမြေဂရန် ထုတ်ပေးရန် တိုင်းတာရေး လုပ်ငန်းတွင် လိုအပ်နေသည့် နယ်ခြားဝန်နှင့် နယ်သက်ဝန်များ ခန့်ထားပေးရန် တင်ပြထားကြောင်း၊ မူလရွာမြေ၊ တိုးချဲ့မြေ၊ ထပ်မံတိုးချဲ့ရန် ရည်ရွယ်သည့် မြေများကို နယ်သက်ဝန်မှ သတ်မှတ်ပေးရပြီး လ၇-၃ဝ(ခ) ပြန်လျှောက်ကာ မူလရွာမြေနှင့် ပေါင်းစပ်ပေးရကြောင်း တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းပြသည်။
''ရွာတွေမှာက ရွာဝိုင်းကြီးပဲရှိတယ်။ တစ်ဦးချင်းပိုင်မရှိဘူး။ မရှိတော့ ပြဿနာ ဖြေရှင်းဖို့ တော်တော်ခက်တယ်။ ဂရန်တွေရပြီး သူ့အကွက်နဲ့သူဖြစ်သွားရင် ပြဿနာတွေ ဖြစ်ရင်လည်း ရှင်းလို့လွယ်သွားပြီ။ စီမံခန့်ခွဲရတာ ပိုလွယ်သွားတာပေါ့။ ဒါပေမယ့် တစ်နှစ်ထဲလည်း အများကြီးလုပ်လို့ မရဘူး။ စီမံချက်နဲ့လုပ်ရတာပေါ့'' ဟု တိုင်းဒေသ ကြီးဦးစီးမှူးက ပြောသည်။
ဇေယျတု(မကွေး)