လူတစ်ဦးတစ်ယောက်သည် သူ၏စိတ်ဆန္ဒ ́ကို အခြားသူတစ်ဦးအား ဖွင့်ဟ ပြောကြားလိုက်သည့်အခါ ၎င်း၏ စိတ်နှင့်ကိုယ်မှာ ပေါ့ပါးသက်သာသွား သကဲ့သို့ အခြားသူတစ်ဦးကလည်း ပြန်လည်ဖွင့်ဟပြောကြားမည်ဆိုပါက အလားတူစိတ်ခံစားမှုဖြစ်စေပါသည်။ ယင်းသည် အပြန်အလှန်ဖွင့်ဟ ဆက်ဆံခြင်းဖြစ်ပြီး လတ်တလောတွင် ကိုယ်ရော၊ စိတ်ပါ ကျေနပ်နှစ်သက်မှုကို ဖြစ်စေသည်။ ရေရှည်တွင်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှု၊ ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုများဖြစ်စေပါသည်။
ယနေ့လူ့ဘောင်လောကတွင် လိုအပ်နေသောအရာနှင့် တည်ဆောက်နေသောကိစ္စမှာ ဤအရေးအရာပင် ဖြစ်သည်။ ပွင့်လင်းမြင်သာစွာဖြင့်အပြန်အလှန်ဖွင့်ဟပြောကြားခြင်း၏ အကျိုးသက်ရောက်မှုမှာ ထိရောက်မှုရှိပေသည်။ ဒီမိုကရေစီ၏ အနှစ်သာရလည်းဖြစ်ပေသည်။ ဤအပြုအမူကိုမိမိတို့မိတ်ဖက်အချင်းချင်းသာမက မည်သည့်နယ်ပယ်၊ မည်သည့်လူပုဂ္ဂိုလ်နှင့်မဆို ဆောင်ရွက်ခြင်းဖြင့် အကျိုးရလဒ်ကောင်းများကို ရယူဆောင်ကြဉ်း နိုင်ပေသည်။
အပြန်အလှန်ယုံကြည်လေးစားမှုကို တည်ဆောက်နိုင်သော လွတ်လပ်စွာ ထုတ်ဖော်ပြောကြားသည့် အလေ့အထမှာ လူတိုင်းအတွက်လိုအပ်ပေသည်။ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့်မတူကွဲပြားမှုများ စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံတွင် ယင်းယဉ်ကျေး မှု ရှင်သန်ဖွံ့ဖြိုးရေးမှာ အထူးလိုအပ်ပါသည်။ မတူကွဲပြားမှုများကြားတွင်တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန်၊ အပြန်အလှန်လေးစားရန်၊ တန်ဖိုးထားရန်အရေးကြီးပါသည်။ ယင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာလည်းဖြစ်သည်။
နိုင်ငံ၏ဂုဏ်သိက္ခာအထိ ရရှိမည့်အကျိုးရလဒ် ကြီးမားလှသော ယင်းကိစ္စကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာခဏမှာကြားလေ့ရှိသည်။ “နိုင်ငံ၏ဂုဏ်သိက္ခာဆိုသည်မှာ မိမိတို့နိုင်ငံသူနိုင်ငံသားများ၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သူများအားလုံး၏ စိတ်လုံခြုံရေး၊ ကိုယ်လုံခြုံရေး ဖြစ်ပါကြောင်း၊ တကယ့်လုံခြုံမှုဖြစ်သည့် စိတ်ရော၊ ကိုယ်ရော လုံခြုံမှုရပြီဆိုပါက မိမိတို့နိုင်ငံသည် အဆင့်မီသည့် နိုင်ငံတော်ဖြစ်ပြီဟု သတ်မှတ်နိုင်မည်ဖြစ်ပါကြောင်း” ပြောကြားထားသည်။
ပြည်သူများသည် တစ်ဦးနှင့်တစ်ဦးအကြားတွင် နားလည်မှု၊ လေးစားမှုရှိသကဲ့သို့ ပြည်သူနှင့်အစိုးရကြားတွင်လည်း နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုရှိရန် အလွန်အရေးကြီးသည်။ ပြည်သူနှင့်အစိုးရအကြားတွင်ယုံကြည်မှု၊ နားလည်မှု၊ အပြန်အလှန်ထုတ်ဖော်ဖြေကြား ပြောဆိုဆက်ဆံမှုများမရှိပါက နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်ချောမွေ့စွာ လုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲများ၊ လိုအပ်ချက်များ၊ ပြဿနာများ ရှိနေမည်ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နယ်မြေဒေသများသို့ ကွင်းဆင်း သွားရောက်ရာ၌ ယင်းယဉ်ကျေးမှုကို ပြည်သူများအကြားတွင် ရှင်သန်ဖွံ့ဖြိုး ရန်အတွက် ဆောင်ရွက်ပေးနေသည်ကိုမြင်တွေ့ရသည်။ ပြည်သူများနှင့်အမေး၊ အဖြေများပြုလုပ်သည်။ အမေး၊ အဖြေများပြုလုပ်ခြင်းဖြင့် မိမိ၏အမြင်တစ်ဖက်တည်းသာမဟုတ်ဘဲ အခြားအမြင်များလည်းရှိကြောင်း သိပိုင်ခွင့်ရကြသည်။ အစိုးရအနေဖြင့်လည်း အချို့ကိစ္စများတွင် အများ ပြည်သူသိရှိပြီဟု ထင်ခဲ့သော်လည်း အများမသိသေးသောကိစ္စများရှိသည်ကို သဘောပေါက်နိုင်သည်။
ပြည်သူများအနေဖြင့် ပြောရဲဆိုရဲရှိပြီး ပြောသင့်ဆိုသင့်သောကိစ္စများ အား ပြောတတ်စေရေး၊ မပြောသင့်မဆိုသင့်သော အပြုအမူများကို မပြု လုပ်မိစေရေးကို သင်ယူနားလည်သကဲ့သို့ ဖြစ်စေသည်။ အစိုးရကမည်သည့်ကိစ္စများလုပ်နေသည်၊ မည်သို့ဖြစ်နေသည်တို့ကို အများပြည်သူတို့ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရကြပြီး တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဦးနှင့်တစ်ဦး ပြုပြင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူအတွက် အကျိုး ရလဒ်ကောင်းများ ရရှိစေပါသည်။
သို့ဖြစ်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသော ဒီမိုကရေစီခေတ်ကာလတွင် မတူကွဲပြားသော ပြည်သူလူထုများအကြား အမြင်ကွဲပြားမှုများကို ပွင့်လင်းမြင်သာစွာဖြင့် အစိုးရနှင့်ပြည်သူအကြား၊ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခုအကြား၊ ပြည်သူနှင့်ပြည်သူအကြား အမြဲထိတွေ့ပြောဆိုဆက်ဆံခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်မှု၊ ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုများတိုးပွားပြီး ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော်အဖြစ်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။ ကြေးမုံ