မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း တတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးမှာ မူသဘောဆောင်တဲ့ အရေးကြီးဆုံးဖြတ်ချက် ၄ ရပ်ကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ အဆိုပါအသင်းကြီး၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးထံမှ သိရသည်။
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း တတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးကို မန္တလေးမြို့ Mercure Mandalay Hill Resort Hotel တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။
‘မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်သောရှေ့နေများအသင်း တတိယအကြိမ်ဗဟိုကော်မတီ အစည်းအဝေး မှာ အရေးကြီးတဲ့ မူသဘောဆောင်တဲ့ ဆုံးဖြတ်ချက် ၄ ရပ် ချမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကော်မတီအစည်းအဝေးကျင်းပတာဖြစ်ပါတယ်’ဟု မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦး ကပြောသည်။
ဆွေးနွေးသွားမည့် အချက်များမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှာ ခရိုင်များတွင် လူငယ်များနှင့် အမျိုးသမီးများပါဝင်မှုရာခိုင်နှုန်း၊ အသင်းကြီး၏လွတ်လပ်ခွင့် အခန်းကဏ္ဍ၊ လွတ်လပ်သောနိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကဏ္ဍ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အရေအတွက် လျော့ချရေး စသည့်အချက်များကို ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အစည်းအဝေးတွင် မြန်မာတစ်နိုင်ငံလုံးက ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
သဝဏ်လွှာတွင်ရေးသားထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ယနေ့ကျင်းပပြုလုပ်သော ညီလာခံမှ ချမှတ်ထားသည့် ရည်ရွယ်ချက်များမှ ဥပဒေပညာ တိုးတက်စေရန်၊ ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုရန်၊ ဆင်းရဲနွမ်းပါးသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ ရှေ့နေများကြား ဆက်ဆံရေး၊ မြန်မာနိုင်ငံ ဥပဒေအဆင့်အတန်းကို ကမ္ဘာ့ဥပဒေ အဆင့်အတန်းနှင့် တပြေးညီရှိလာစေရန် နှင့် တရားဥပဒေ စိုးမိုးရေးအတွက် ရလဒ်ကောင်းများရလာစေရန် ဆန္ဒပြုအပ်ပါသည်ဟု ရေးသားထားသည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းကို ၂၀၁၆ ခုနှစ်ဇန်နဝါရီလ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အာဆီယံရှေ့နေများအသင်း အဖွဲ့ဝင်လည်းဖြစ်သည်။