တက္ကသိုလ် တက်ရောက်ရခြင်းမရှိဘဲ တိုင်းရင်းဆေးဆရာအဖြစ် မှတ်ပုံတင်နိုင်မည့် တိုင်းရင်းဆေး ဥပဒေကြမ်း ၁၅ ပုဒ်မခွဲ (စ)ကို ထည့်သွင်းခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာနိုင်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဝင် ဦးသန်းထွန်း က ပြောသည်။

အဆိုပါ မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းကို ထည့်သွင်းလိုက်ခြင်းဖြင့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ အကြောင်းကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)တွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

"ဒီဥပဒေကို ပြဌာန်းလိုက်ရင် နောက်ဆက်တွဲ ဆိုးကျိုးက နှစ်ခုပေါ့ တစ်ခုက ပြင်ပကနေ တိုင်းရင်းဆေးဆရာ အမည်ခံတွေကို အလွယ်တကူနဲ့ လက်မှတ် ထုတ်ပေးလိုက်မှာကို စိုးရိမ်တယ်။ ဒုတိယအချက်က ပြင်ပက ဆေးဆရာတွေကို ဘယ်လောက်ထိ တတ်မြောက်တယ်ဆိုတာ မသိနိုင်ဘူး။ အဲ့တာကြောင့် ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ ပြဿနာ တစ်စုံတစ်ခု ပေါ်လာနိုင်တယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာနိုင်တယ်" ဟု ဦးသန်းထွန်း က ပြောသည်။

အဆိုပါ ဥပဒေကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်တွင် ယင်းဥပဒေကို ထည့်သွင်းရန် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲ ၄၃၃ မဲ၊ ကန့်ကွက်မဲ ၉၄ မဲနှင့် ကြားနေမဲ ၇ မဲ ရှိခဲ့သည့်အတွက်၊ ထည့်သွင်းရန်ဘက်မှ အနိုင်ရရှိခဲ့ပြီး အဆိုပါ ဥပဒေအား လွှတ်တော်မှ အတည်ပြုခဲ့သည်။

အတည်ပြုသည့် ဥပဒေအရ ပြည်တွင်း၊ ပြည်ပ တက္ကသိုလ် တစ်ခုခုမှ တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာဘွဲ့ (သို့မဟုတ်) ဒီပလိုမာ၊ တိုင်းရင်းဆေးသိပ္ပံမှ ပေးအပ်သော ဒီပလိုမာ လက်မှတ် ရရှိသူများအပြင် တိုင်းရင်းဆေးကောင်စီက သတ်မှတ်သည့် အရည် အချင်းနှင့် ကိုက်ညီသူများလည်း တိုင်းရင်းဆေးဆရာ အဖြစ် မှတ်ပုံတင်ခွင့် ရရှိမည် ဖြစ်သည်။

"ကျွန်တော်တို့ သံသယရှိတာက ဒီဥပဒေကို ထောက်ခံပေးလိုက်သည့် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးကတော့ သူ့ရဲ့ကောင်းကျိုး ဆိုးပြစ်တွေကို တကယ်ကော သိပြီးတော့မှ ထောက်ခံပေးတာလားဆိုတာ သံသယရှိပါတယ်" ဟု မြန်မာနိုင်ငံ တိုင်းရင်း ဆေးကောင်စီဝင် ဦးဝင်းကို က ပြောသည်။

လက်ရှိ အချိန်တွင် အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတမှ လက်မှတ် မထိုးရသေးဖြင့် သမ္မတအနေဖြင့် ပြန်လည်စဉ်းစား ပေးရန်အတွက် တိုင်းရင်း ဆေးတက္ကသိုလ် (မန္တလေး)နှင့် အခြား တက္ကသိုလ်များမှလည်း ကန့်ကွက်ကြောင်း စတစ်ကာကပ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မ္မတကြီးထံ စာတင်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးကုသခွင့် (တဆ) ကို တိုင်းရင်း ဆေးတက္ကသိုလ်တွင် ၄ နှစ်၊ အလုပ်သင်လက်တွေ့ ၁ နှစ် သင်ယူရသည်။  ယင်းစာသင်နှစ်တွင် ဘာသာရပ်ပေါင်းစုံကို လေ့လာသင်ယူပြီး စာတမ်း ၁ စောင် ပြုစုပြီးမှသာ ဆေးကုသခွင့်ကို ထုတ်ပေးခြင်း ဖြစ်သည်။

 

သူရိန်လင်း