ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်လျက်ရှိသည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၏) ပဉ္စမအကြိမ် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် နာယက၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဦးဆောင်ပြီး ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံသားတိုင်း အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးကို ဆောင်ရွက်နိုင်မည့် ထိရောက်သည့် ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုစနစ်တစ်ခု ထူထောင်ရန် ရည်ရွယ်ချက်နှင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း။
CHID (၅)နှစ်သက်တမ်းကာလတွင် ဘဏ်ခွဲ(၁၁)ခု ဖွင့်လှစ်နိုင်ပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ် အစိုးရနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများတို့က တည်ဆောက်သွားမည့် ဆောက်လုပ်ရေးလုပ်ငန်းများရှိသည့် တိုင်းဒေသကြီး / ပြည်နယ်များတွင် အနည်းဆုံး ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်သွားရန် ရည်ရွယ်ချက်ထားရှိပါကြောင်း။
CHID ဘဏ်သည် လူနေအိမ်ရာစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ရမည့် လူမှုရေးအခြေခံအဆောက်အအုံများဖြစ်သည့် ကျောင်း၊ ဆေးခန်း၊ ဆေးရုံ၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကိုလည်း ဘဏ္ဍာငွေထောက်ပံ့ပေးနိုင်ရန်အတွက် ၄င်းလုပ်ငန်းများနှင့်ဆက်စပ် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ရန်ပုံငွေနှင့်ဆောင်ရွက် နေသည့်လုပ်ငန်းများကို Construction Bridge Loan များ ထုတ်ချေးပေးလျက်ရှိပါကြောင်း။
CHID ဘဏ်အနေနှင့် အိမ်ရာကဏ္ဍနှင့်အခြေခံအဆောက်အအုံ ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကို ထိရောက်စွာပံ့ပိုးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများရှိလာစေရန်နှင့် ပိုမိုပီပြင် လာစေရေး၊ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာစေရေးနှင့် ဘဏ္ဍာငွေအရင်းအမြစ်များ ဖွံ့ဖြိုးလာစေရေးတို့ကို အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ က အမှာစကားပြောကြားသည်။
ယင်းနောက် ဆောက်လုပ်ရေး ၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် ဒုတိယဥက္ကဋ္ဌက ဘဏ်၏လုပ်ငန်းပိုင်းဆိုင်ရာနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ဘဏ်၏လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ Chief Policy Officer ဦးဝင်းဇော်က ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ နှစ်ချုပ်စာရင်းများနှင့် အမြတ်ဝေစု ခွဲဝေမှုတို့နှင့်ပတ်သက်၍ တင်ပြအတည်ပြုချက် ရယူခဲ့သည်။ ၎င်းနောက်စာရင်းစစ်အစီရင်ခံစာကို စာရင်းစစ်အဖွဲ့မှ တာဝန်ရှိသူက ဖတ်ကြားတင်ပြသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့ဝင် သုံးပုံတစ်ပုံမှ နှုတ်ထွက်ခြင်း ၊ ၂၀၁၈-၂၀၁၉ သက်တမ်းအတွက် လစ်လပ်သွားသောဒါရိုက်တာများအား ရွေးချယ်ခြင်း၊ ရွေးချယ်ခံရသော ဒါရိုက်တာများနှင့် အမှုဆောင်မဟုတ်သော လွတ်လပ် သော ဒါရိုက်တာအဖွဲ့ဝင်အမည်စာရင်း ကြေငြာခြင်း ၊ ၂၀၁၆ ငွေရေးကြေးရေးအဖွဲ့ အစည်းများ ဥပဒေပုဒ်မ ၈၅ အရ အစုရှယ်ယာရှင်များမှ ခန့်အပ်သည့် စာရင်းစစ် ကော်မတီဝင်များ အမည်စာရင်း ကြေငြာခြင်းနှင့် ပြင်ပစာရင်းစစ်ရွေးချယ် ခန့်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)