၉  ဧပြီ

 

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ယာဉ်စီးရေ ၇၃ သိန်းခန့် ရှိလာပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လူဦးရေ တိုးတက်လာသည် နှင့်အမျှ သွားလာရေး၊ သယ်ယူပို့ဆောင်ရေးတို့အတွက် ယာဉ်စီးရေလည်း တိုးမြှင့်သုံးစွဲလာရသည်မှာ သဘာဝကျသည်။ သို့ရာတွင် တစ်ဖက်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှု ကိန်းဂဏန်းများ တိုးမြင့်လာပြီး အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှု အရေအတွက်များ ပိုမိုများပြားလာခြင်းက အထူးသတိပြုဖွယ် ဖြစ်လာသည်။

 

နှစ်စဉ်ကမ္ဘာအရပ်ရပ်ရှိ လမ်းများပေါ်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှု ဖြစ်ရပ်များကြောင့် လူပေါင်း ၁ ဒသမ ၃ သန်း သေကျေပျက်စီးကြရပြီး သန်း ၂၀ မှ ၅၀ အထိ ထိခိုက်ဒဏ်ရာရကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ စာရင်းဇယားများက ဖော်ပြထားသည်။ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှုပမာဏများမှာ တစ်ဦးချင်းဝင်ငွေ မြင့်မားသည့် နိုင်ငံများမှာထက် တစ်ဦးချင်းဝင်ငွေနည်းပါးသည့် နိုင်ငံများက သုံးဆပိုသည်ဟုလည်း ဆိုထားရာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသည့်သဖွယ်ပင် ဖြစ်သည်။ အရှိန်လွန်မောင်းနှင်မှုများနှင့် အရက်သေစာသောက်စား မောင်းနှင်မှုများကို ထိရောက်စွာ အရေးယူခြင်း၊ အသက်ကယ် ခါးပတ်သုံးစွဲရန်နှင့် ဆိုင်ကယ်စီးနင်းသူများ သက်လုံခမောက် ဆောင်းရန်တို့အတွက် အသိပညာပေးနှိုးဆော်တိုက်တွန်းခြင်း၊ ကားလမ်းဒီဇိုင်းများ မှန်ကန်ကောင်းမွန်စေရန် စနစ်တကျ တည်ဆောက်ခြင်း၊ ယာဉ်များ၏ ကြံ့ခိုင်မှုများကို စစ်ဆေးကြပ်မတ်ခြင်း၊ အရေးပေါ် ကယ်ဆယ်ရေးစနစ် ကောင်းမွန်စွာ ထူထောင်ပေးခြင်း စသည်တို့ဖြင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် စပ်လျဉ်းသည့် မတော်တဆမှုများကို လျော့ကျစေပြီး အသက်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများကိုလည်း လျော့နည်းသက်သာစေမည် ဖြစ်သည်။

 

သို့တိုင်အောင် ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးဒဏ်ရာရမှု ကိန်းဂဏန်းများမှာ အိမ်နီးချင်း နိုင်ငံများတွင်ရော တစ်ကမ္ဘာလုံးမှာပါ မြင့်တက်လျက်ရှိနေဆဲပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင်လည်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (National Road Safety Council- NRSC) ၏ ၂၀၁၈ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ယာဉ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှု အရေအတွက်များမှာ တောက်လျှောက် အတက်ဘက်ကိုသာ ဦးတည်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အနည်းငယ်ပြန်လည် လျော့ကျခဲ့ကြောင်း၊ ယခုနှစ် နှစ်ဆန်းပိုင်းနှစ်လအတွင်းတွင် သေဆုံးမှု သိသိသာသာ မြင့်တက်လာသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည့်အတွက် မော်တော်ယာဉ် အသုံးပြုသူ၊ လမ်းအသုံးပြုသူများအားလုံး သတိပြုဖွယ်ပင်ဖြစ်သည်။

 

ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းခံများကိုရှာဖွေရာ လူကြောင့်၊ မော်တော်ယာဉ်ကြောင့်၊ ရာသီဥတုကြောင့်၊ လမ်းကြောင့်၊ အခြားအကြောင်းအမျိုးမျိုးကြောင့် စသည်ဖြင့် ရှိသော်လည်း အဓိကအကျဆုံးမှာ လူကြောင့်ပင် ဖြစ်သည်။ မော်တော်ယာဉ်ကို ထိန်းချုပ်မောင်းနှင်နေသူ၏ ဆင်ခြင်တုံတရား၊ သတိတရား၊ ကျွမ်းကျင်မှု၊ ရုပ်ပိုင်း စိတ်ပိုင်းအခြေအနေအရပ်ရပ်တို့က အန္တရာယ်ကိုဖြစ်စေခြင်း၊ အန္တရာယ်မှ ရှောင်လွှဲနိုင်ခြင်းတို့ကို ဖန်တီးသည်။ အန္တရာယ်လည်းရှိပြီး ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်လည်း ငြိစွန်းသည့် အရှိန်လွန်မောင်းနှင်ခြင်းမျိုးဖြင့် အမြန်လမ်းပေါ်တွင် မောင်းနှင်ခြင်း၊ ထိုင်ခုံခါးပတ် ပတ်ခြင်းအားဖြင့် သေဆုံးဒဏ်ရာရမှုမှ ရာခိုင်နှုန်းများစွာ ရှောင်လွှဲနိုင်ကြောင်း သိလျက်နှင့်ပင် ထိုင်ခုံခါးပတ်ကို အသုံးမပြုခြင်း စသည်တို့မှာ မိမိကိုယ်တိုင် အန္တရာယ်ကို ဖိတ်ခေါ်နေသည့်သဖွယ်ပင်ဖြစ်သည်။

 

သုတေသနပြုချက်များအရ မြန်နှုန်းမြင့်မောင်းလာသော ကားတစ်စီးတွင် အရွေ့ စွမ်းအင်ဖြစ်ပေါ်နေသည်။ တစ်နာရီ မိုင် ၇၀ နှုန်း မောင်းသောကားနှင့် မိုင် ၁၀ဝ နှုန်းမောင်းသောကားတို့ လမ်းပေါ်တွင်အတားအဆီး တစ်ခုခုကို တစ်ပြိုင်တည်းတွေ့ မြင်၍ တစ်ပြိုင်တည်းဘရိတ်အုပ်လျှင် မိုင် ၇၀ နှုန်းမောင်းသည့်ကားက အတားအဆီး၏ရှေ့တွင် ရပ်သွားမည် ဖြစ်ပြီး မိုင် ၁၀ဝ နှုန်း မောင်းသည့်ကားက အရွေ့ စွမ်းအင် နှစ်ဆဖြစ်ပေါ်နေမှုကြောင့် ဝင်တိုက်မည်သာ ဖြစ်သည်ဟုဆိုသည်။ ယာဉ်နှင့် လမ်းများကို အသုံးပြု၍ လိုရာခရီးနှင်ကြရာတွင် သတိသမ္ပဇဉ်နှင့် ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းချုပ်ပါမှ အန္တရာယ်အပေါင်းမှ ကင်းဝေးကြမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း