စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ယမန်နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာရှိ Good Brother ကုမ္ပဏီ၏ နွားမွေးမြူရေးခြံ၌ နွားများမွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ခြံတာဝန်ခံက လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့ ကုန်သည်လုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကုန်သည် လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မကွေးတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်လျက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အဓိကအားထားရသည့် ဒေသကြီးဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးစီးပါက မကွေးတိုင်းဒေသကြီးသည် အဓိကကျ သည့် ဒေသဖြစ်လာမည်ဖြစ်ပါကြောင်း၊  ပဲ၊ ပြောင်း၊ နှမ်း စသော သီးနှံများကို အဓိကထား စိုက်ပျိုးထုတ်လုပ်တင်ပို့နေသော ဒေသဖြစ်သဖြင့် ကုန်စည်ဒိုင်သည် ရောင်းသူနှင့် ဝယ်သူတို့ အကျိုးဖြစ်ထွန်းရန် ချိတ်ဆက်ပေးနေသည့်နေရာဖြစ်ပါကြောင်း၊ ကုန်သည်များအနေဖြင့်  စားသုံး သူသက်သာချောင်ချိရေး၊ ထုတ်လုပ်သူ မနစ်နာစေရေးအတွက် ကုန်စည်ဈေးနှုန်း မကစားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ကုန်သည်လုပ်ငန်းရှင်များက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူမြို့ရှိ ကုန်သည်လုပ်ငန်းရှင်အသင်း ရုံးခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်သည်များအရောင်းအဝယ် ပြုလုပ်ရာတွင် ဝယ်ယူသူနှင့် ကုန်ပစ္စည်း ထုတ်လုပ်သူများအကြား ဆက်စပ်မှုရှိရန်နှင့် အာမံချက်များရှိရန် လိုအပ်ကြောင်း၊ သီးနှံများရောင်းချရာတွင် ထွက်ရှိသည့် အတိုင်းရောင်းချမည့်အစား တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရောင်း ချရန်လိုအပ်ပါကြောင်း၊ သီးနှံများ ဝယ်ယူရောင်းချရာတွင် ဝယ်ယူသူနှင့် ရောင်းချသူတို့ အကျိုးအမြတ်မျှတစွာ ခံစားရရှိစေရန် ဝယ်ယူသည့် စနစ်ကို ကျင့်သုံးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေးသည်။

 

(သတင်းစဉ်)