မိတ္ထီလာမြို့နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များ တာဝန် ပေးအပ်ပွဲကို ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များ တာဝန် ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံကိန်း ဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသန်းက ကဏ္ဍအလိုက် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ 

 

ထို့နောက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက မိတ္ထီလာ ခရိုင်နှင့် ခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များမှ စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌများထံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှင်းမြုပ်နှံမှု ရည်မှန်းချက်များ တာဝန် ပေးအပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း မြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)