မကွေးတိုင်းဒေသကြီး၊ Save The Children အဖွဲ့မှ မင်းဘူး(စကု) မြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ပြီးစီးခြင်းအတွက် သက်ဆိုင်ရာဌာနများအား အသိပေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက် (၉) နာရီက မင်းဘူးမြို့၊ သုခမိန်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ရှေးဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည့်၊ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့က အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ဆက်လက်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက Save The Children အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် မကွေးတိုင်းဒေသကြီး၊ Save The Children အဖွဲ့မန်နေဂျာ ဦးနေမျိုးထွန်းမှ Save The Children အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး Save The Children အဖွဲ့ မင်းဘူးမြို့နယ်တာဝန်ခံ ဦးသန်းထွဋ်မှ မင်းဘူး(စကု)မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် လုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့ရာ ရေပေါ်လေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ကော်မတီများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာကြသူများမှ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ကျေးလက် စာကြည့်တိုက်ကွန်ရက် အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊  မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည့်၊ မင်းဘူးခရိုင် ပြန်/ဆက်ဦးစီးအရာရှိ ဦးသန်းဌေး၊ မြို့နယ် ပညာရေးမှူး ဦးကြည်လွင်၊ မကွေးတိုင်းဒေသကြီး၊ Save The Children အဖွဲ့ မန်နေဂျာ ဦးနေမျိုးထွန်း၊ Save The Children အဖွဲ့ မင်းဘူးမြို့နယ်တာဝန်ခံ ဦးသန်းထွဋ်နှင့် ဝန်ထမ်းများ၊ မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာ (၄၁)ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ် ဆရာ/ဆရာမများ၊ စာကြည့်တိုက် ကော်မတီဝင်များ အသီးသီးတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)