မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ ဝင်ရောက်လည်ပတ်မှုများပြီး ယာဉ်သွားလာမှု များပြားသော ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး အရှေ့မုခ်(၈၁)လမ်းအား လမ်းသားတိုးချဲ့ နိုင်လွန်ကတ္တရာ ခင်းပေးခဲ့သဖြင့် ယခင်က ပေ ၃၀ ခန့်သာရှိ ရာမှယခုအခါ ၄၈ ပေခန့် ကျယ်ဝန်းလာခဲ့သည်။

 

မဟာမုနိဘုရားကြီးသို့ လာရောက်သည့် ဘုရားဖူးယာဉ်များ ယာဉ်ရပ်နားကွင်းမှ ဝင်/ထွက် သွားလာမှု အဆင်ပြေစေရေးအတွက် မဟာမုနိဘုရားကြီး အရှေ့မုခ်(၈၁)လမ်းအား နှစ်လမ်းမောင်း သတ်မှတ်နိုင်ရေးအတွက် မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာန၊ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒီဇင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက မဟာမုနိဘုရားဂေါပက အဖွဲ့ရုံးတွင် တွေ့ဆုံ ဆွေးနွေး၍ ယာဉ်သွားလာမှုများနှင့် ယာဉ်ကြော အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)