ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဥက္ကံသကြားစက်သို့ ကြံစိုက်တောင်သူများမှ ကြံများ တင်ပို့လျက်ရှိရာ သကြားစက်ရှေ့တွင်ယာဉ်များတန်းစီ စောင့်ဆိုင်းလျက်ရှိပြီး ယမန်နှစ်က ကြံတန်ချိန် နှစ်ထောင်ဝယ်ယူခဲ့ရာမှ ယခုနှစ်တွင် ကြံတန်ချိန် ၉၀ဝ သာ ဝယ်ယူသောကြောင့် ကြံတောင်သူတို့မှာ ညအိပ်စောင့်ဆိုင်းရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဥက္ကံသကြားစက်တွင် ဒီဇင်ဘာ ၅ ရက် မှစ၍ ရက်ပေါင်း ၄၄ ရက်အတွင်းကြံများကိုဝယ်ယူလျက်ရှိရာ မြို့နယ်အတွင်းရှိ ကြံစိုက်တောင်သူများက ခြောက်ဘီးယာဉ်များဖြင့် တစ်စီးလျှင် ၁၃ တန်မှ ၁၈ တန်တင်ဆောင်လျက် ယမန်နှစ်ကပေါက်ဈေးအတိုင်း တစ်တန်လျှင်ကျပ် ငွေကျပ် ၄၅၀ဝ၀ ခွဲဖြင့် ရောင်းချလျက်ရှိသည်။

 

“မနေ့ညက ရောက်တာ။ ဒီညနေအထိ မချရသေးဘူးဆိုတော့ ညအိပ်ပြီးစောင့်ရဦးမယ်။ မနက်က အစီး ၄၀ကျော်ရှိမယ်။ မနှစ်ကတန် ၂၀ဝ၀ ဝယ်ခဲ့တာ။ ဒီနှစ်တန် ၉၀ဝ ပဲ ဝယ်မယ်ဆိုတော့ဆင်စခန်းအုပ်စုဆိုရင် တန် ၁၅၀ ယူတယ်။ ဒိုင်အလိုက် သတ်မှတ်ပြီး သကြား စက်က ဝယ်တာ။ သပြု၊ ဆူပါဝမ်း၊ သနပ်ချောင်းစတဲ့ ဒိုင်တွေကို တစ်နေ့တန် ဘယ်လောက်ဆိုတာ သတ်မှတ်ပြီး ဝယ်တယ်။ ကျန်တဲ့ ကားတွေက ရောင်းဖို့အတွက် နောက်ရက်ကို စောင့်ပြီးသတ်မှတ်တဲ့အချိန် ပြည့်သွားရင်နောက်တစ်ရက် ထပ်စောင့်ပေါ့။ ဒီနှစ်တန် ၉၀ဝ ဆိုတော့ အရင်နှစ်ထက် ဝယ်တာ နည်းတယ်” ဟု တိုက်ကြီးမြို့နယ်ဆင်စခန်းမှ ကိုဖိုးကျော်က ပြောသည်။

 

ကြံစိုက်တောင်သူတို့အနေဖြင့် ကြံကိုတစ်နေရာတွင် နှစ်ကြိမ်စိုက်ပျိုးပြီး ပထမအကြိမ် တစ်ဧကလျှင် ၁၈ တန်ကျော်ထွက်ရှိ၍ ဒုတိယအကြိမ်တွင် ၁၃ တန် ထွက်ရှိသောကြောင့် မျိုးကောင်းမျိုးသန့်တို့ကို အလေးထားစိုက်ပျိုးရန် ကြိုးပမ်းလျက်ရှိသည်။ ကြံကို ပြာသိုလဆန်းတွင်စတင် စိုက်ပျိုးပြီး တန်ဆောင်မုန်း၊နတ်တော်တွင် ခုတ်လှဲ၍ တစ်နှစ်လျှင်တစ်ကြိမ်သာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 

လွန်ခဲ့သော ၁၄ နှစ်က တိုက်ကြီးမြို့နယ်ရှိ ကြံစိုက်တောင်သူများ ကြံသကာ ထုတ်လုပ်ရောင်းချမှုကြောင့် စီးပွားရေးအဆင်ပြေခဲ့ကြပြီး ကြံတောင်သူတို့ ရွှေခေတ်သို့ ရောက်ရှိခဲ့ဖူးကြောင်းကြံတောင်သူတို့ထံမှ သိရသည်။ 

 

တိုက်ကြီးမြို့နယ်တွင် ဂျာဝါး၊ ခွန်ငါး၊ ဦးသောင်၊ ကေကေ၊ ကေကေ(၃)စသည့် မျိုးကို အဓိကစိုက်ပျိုးလျက်ရှိပြီး မျိုးစိတ်တစ်မျိုးကို ပထမအကြိမ် စတင်စိုက်ပျိုးချိန်တွင် စံချိန်မီကာ နောက်တစ်နှစ်တွင် ထွက်နှုန်းကျခြင်းကို မည်သည့်မြေတွင် ဖြစ်စေ ကြုံတွေ့နေရ၍ ထွက်နှုန်းကောင်း သော မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ယခုနှစ် သကြားစက်မှ ကြံကို တန် ၉၀ဝ သာဝယ်ယူ၍ ကြံစိုက်တောင်သူများ ဥက္ကံသကြားစက်ရှေ့တွင် ညအိပ်စောင့်ဆိုင်း ရောင်းချကြ လျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ-သစ္စာ