မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ဆည်တော်ကြီး ဆည်တော်ရေသောက်စနစ်ဖြင့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး မုန်ညှင်းစိမ်းများ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

 

”ကျွန်တော်တို့ မုန်ညှင်းစိမ်းစိုက်ခင်းက ဘောင်တင်ပြီး ပက်ကြဲစနစ်နဲ့ စိုက်ပျိုးတာပါ၊ မြောင်းထဲက ဆည်ရေကို စက်နဲ့တင်ပြီး ရေပန်းနဲ့ဖြန်းပြီးစိုက်ပျိုးတာ၊ ပျိုးထုပ် တစ်ထုပ်ကို ငွေကျပ် ၄၀၀  ပေးရတယ်၊ တစ်ဧကကို မျိုးထုပ် ၂၀၀ လောက်ကုန်တာ၊ အပင်သန်ရင် ရက် ၃၀၊ အပင်မသန်ရင် ရက် ၄၀ ဆို စတင်ခူးလို့ရပြီး အစီးနဲ့ရောင်းတာရှိသလို ဘောင်ပြတ်ရောင်းတာလည်းရှိတယ်၊ ယာခင်းတစ်ခင်းလုံး တစ်ချိန်တည်း မစိုက်ဘူး၊ တစ်ဘောင်နဲ့တစ်ဘောင် ရက်ခြားပြီးစိုက်တယ်၊ ဒါမှ တစ်ဘောင်ရောင်းပြီးရင် နောက်တစ်ဘောင်က ပြန်တက်လာမယ်၊  စိုက်ခင်းဘောင်က အပင်ကြည့်ပြီး ဘောင်ပြတ်ရောင်းသလို၊ အစီးသေး တစ်စီးကို ကျပ် ၅၀/၇၀  နဲ့ ရောင်းချတယ်၊ ပုံမှန်စီးတွေဆိုရင် ငွေကျပ် ၁၂၀ ထိ ရောင်းရတယ်၊ အစီး အကြီး/အသေး အရွက် လှ၊ မလှ ပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ကွာခြားတယ်၊ မန္တလေးမြို့နဲ့ ကိုယ်တိုင်သွားရောက် ရောင်းချတာရှိသလို ပွဲစားတွေက ယာခင်းထိ လာဝယ်တာလည်း ရှိတယ်၊ တစ်ဧက ပုံမှန်အစီး ၅၀၀၀ လောက် ထွက်တယ်၊ ခုချိန်က အထွက်နှုန်းကောင်းပြီး နေ့စဉ် ဝင်ငွေရနေတော့ အဆင်ပြေတယ်၊ ကျွန်တော်က နှစ်ပတ်လည် စိုက်တာဆိုတော့ မျိုးစေ့စိုက်ခင်း သက်သက်ထားတယ်၊ မြေသြဇာ ထည့်တာတို့ ဆေးဖြန်းတာတို့ ကတော့ လိုအပ်ချိန်မှာ ပြုလုပ်တာပါ၊ ပုသိမ်ကြီးနယ်မှာတော့ မုန်ညှင်းစိမ်းကို ရွာရှည်၊ သလဲကုန်း၊ ဥယျာဉ်လေး၊ အစရှိတဲ့ ကျေးရွာတွေမှာ အများဆုံး စိုက်ပျိုးပါတယ်၊ ဒီစိုက်ခင်းက နေ့စဉ်ဝင်ငွေရနေတော့ အဆင်ပြေကြပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် ဥယျာဉ်လေးကျေးရွာမှ မုန်ညှင်းစိမ်းစိုက်ပျိုးသူ ဦးမျိုး က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်သည် ဆည်တော်ကြီး ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး၊ ကွမ်းရွက်၊ ခရမ်းချဉ်၊ သရက်၊  သခွား၊ ပန်း၊ မုန်ညှင်းစိမ်း အစရှိသော သီးနှံများစိုက်ပျိုးကာ ဆည်ရေသောက်စနစ်ဖြင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)