ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနေသော အခြားမြို့များနည်းတူ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် POSCO Daewoo Corporation တို့ပူးပေါင်း၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် Hybrid System ဆိုလာ၊ ဒီဇယ်နှင့်စွမ်းအင် သိုလှောင်မှုစနစ် ( Energy Storage System နေရောင်ခြည်မှ ရရှိသော စွမ်းအင်ကို နေ့အခါ သိုလှောင်၍ ညအချိန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သောနည်းလမ်း) ဖြင့် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

မာန်အောင်မြို့သည် ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာရသည့် ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသတစ်ခုဖြစ်သောကြောင့် မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့်အနက် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် မြို့နှင့် တစ်ဆက်တည်းရှိသည့် ကုန်းတန်းရွာအထိ အိမ်ထောင်စု ၁ဝဝ၂ စုကို ၅ဝဝ ကေဗွီအေ ဒီဇယ်ဓာတ်အားပေး စက်နှစ်လုံးဖြင့် တစ်ရက်လျှင် ခြောက်နာရီကြာ ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မာန်အောင်မြို့နယ်အား လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်ရန် အပိုင်းသုံးပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိရာ အပိုင်း(၁) အနေဖြင့် လက်ရှိ ဓာတ်အားသုံးစွဲနေသော အိမ်ထောင်စုများအား ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု စနစ်ဖြင့် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေးအတွက် PV(0.5)MW အား ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၉ ခုနှစ် မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ စီမံကိန်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကို ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation ၏ CSR ရန်ပုံငွေမှ ကျခံဆောင်ရွက် သွားမည်ဖြစ်ပြီး အပိုင်း(၂)အနေဖြင့် မာန်အောင်မြို့နယ် ကျေးရွာပေါင်း ၅၇ ရွာရှိ အိမ်ထောင်စု ၄၉၃၈ စုကို ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု စနစ်ဖြင့် ၂၄ နာရီ ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် PV(2.5)MWအား ချေးငွေဖြင့် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေများ ရရှိပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးရွာပေါင်း ၅၇ ရွာကို (Hybrid System) ဖြင့် လျှပ်စစ်ဓာတ်အား ရရှိချိန်တွင် အရန်သင့် ဓာတ်အားဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပြည်နယ် အစိုးရ ရန်ပုံငွေကျပ် ၃၅၉၉ ဒသမ ၉၉၈ သန်းဖြင့် ကျေးရွာ ၄၈ ရွာအတွက် ၁၁ ကေဗွီလိုင်း ၃ဝ ဒသမ ၉ မိုင်၊ ၄ဝဝ ဗို့လိုင်း ၄၁ ဒသမ ၁၂ မိုင်၊ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ ၄၇ လုံး၊ ၁၆ဝ ကေဗွီအေ ထရန်စဖော်မာနှစ်လုံး၊ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး စုစုပေါင်း ထရန်စဖော်မာ ၅၁ လုံး၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၈၃ ဒသမ ၂၅ သန်းဖြင့် ကျေးရွာ ငါးရွာအတွက် ၁၁ ကေဗွီလိုင်း ၃ ဒသမ ၅ မိုင်၊ ၄ဝဝ ဗို့လိုင်း ၂ ဒသမ ၅ မိုင်၊ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး၊ ၁၆ဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး စုစုပေါင်း ထရန်စဖော်မာ နှစ်လုံး၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေး နှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၃၄ဝ ဒသမ ဝ၉ သန်းဖြင့် ကျေးရွာသုံးရွာအတွက် ၁၁ ကေဗွီလိုင်း ၄ ဒသမ ၃ မိုင်၊ ၄ဝဝ ဗို့လိုင်း ၃ ဒသမ ၅ မိုင်၊ ၁ဝဝ ကေဗွီအေ ထရန်စဖော်မာ သုံးလုံး တို့ကို ကြိုတင်တည်ဆောက်ထားကြောင်း သိရသည်။ 

 

အပိုင်း(၂) ဆောင်ရွက်ပြီးစီးပါက အပိုင်း(၃)အနေဖြင့် နိုင်ငံတော်မှ ဘတ်ဂျက် ရရှိမှုအပေါ် မူတည်၍ မာန်အောင်ကျွန်းပေါ်တွင် ကျန်ရှိသည့်ကျေးရွာ ၈ဝ ရှိ အိမ်ထောင်စု ၇၈၅ဝ အား ဓာတ်အားရရှိရေးအတွက် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ 

 

သိမ့်သိမ့်မိုး(မြန်မာ့အလင်း)