မင်းလပြည့်(ဟားခါး)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတို့တွင် ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုများ၊ ရိုးရာသီချင်းများ၊ စာဆိုတော်ပညာရှင်များ အသီးသီးရှိ ကြပါသည်။ ၎င်းတို့ထဲတွင် တောင်ပေါ်ဒေသ တိုင်းရင်းသားဖြစ်သည့် ချင်းတိုင်းရင်းသားတို့လည်း အပါအဝင်ဖြစ်ပါသည်။ ချင်းတိုင်းရင်းသားများသည် တောင်ကုန်းတောင်တန်း ထူထပ်သောဒေသတွင် မှီတင်း နေထိုင်ကြခြင်း၊ ရာသီဥတုပြင်းထန်သောဒေသတွင် နေထိုင်ကြခြင်း၊ ယခင်ကသားရဲတိရစ္ဆာန်ပေါများသော ဒေသတွင် နေထိုင်ကြခြင်းရှိသော်လည်း နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သည့် သူ့ကျွန်မခံလိုသည့် စိတ်ဓာတ် များရှိသော်လည်း လူသားပီပီနူးညံ့သော စိတ်နှလုံးသား ပိုင်ရှင်များလည်း ဖြစ်ပါသည်။

 

၎င်းတို့ထဲမှ သခင်မကြီးဒေါ်ချယ်လောထုံ၏ "ပါ့ခွီခေါ လမ်း"(ပြည်ထောင်စုကြီးလမ်းခရီး)သီချင်းနှင့် စစ်သည် စာဆို ဗိုလ်ကမ်စွတ်တို့၏ စစ်သီချင်းများမှာလည်း ထင်ရှားလှပါသည်။


လှိရုံးရွာသူ ချင်းမျိုးချစ်သခင်မကြီး ဒေါ်ချယ်လောထုံ သည် လွတ်လပ်ရေးတိုက်ပွဲ၌ ဘ၀ကို မြှုပ်နှံထားသူ ဖြစ်သည်။ သခင်နိုင်ငံရေးခေတ်၌ သခင်မကြီးဒေါ်ထုံအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ညီညွတ်သော ဖဆပလခေတ်တွင် ပြည်သူ့ရဲဘော်အဖွဲ့၏ ချင်းရဲမေခေါင်းဆောင်ဖြစ်သည်။ ချင်းတောင်အမျိုးသမီးအဖွဲ့ချုပ်၏ဥက္ကဋ္ဌလည်း ဖြစ်သည်။ ချင်းရိုးရာတေးသီချင်းများ၌ အထူးပင် ကျွမ်းကျင်ထူးချွန် သည်။ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် တေးသီချင်း များ ဖွဲ့ဆိုလှည့်လည်ဟောပြောခြင်းဖြင့် ထိရောက် အောင်မြင်စွာစည်းရုံးနိုင်သည်။ ချင်းရိုးရာစစ်ဝတ်စုံကို မချွတ်တမ်း ဝတ်ဆင်နေထိုင်လေ့ရှိသည်။ သခင်မကြီး ဒေါ်ချယ်လောထုံဖွဲ့နွဲ့သီဆိုခဲ့သည့် လူထုစည်းရုံးရေးနှင့် အမျိုးသားရေးတေးသီချင်းပေါင်းပုဒ်ရေ ၁၀၀၀ ကျော်ရှိ သည်ဟု ဆိုသည်။ သခင်မကြီး၏ တေးသီချင်းများစွာအနက် စာဖြင့် မှတ်တမ်းတင်ထားသည့် သီချင်းတစ်ပုဒ်ကိုသာ မြန်မာပြန်ဖော်ပြနိုင်ပါသည်။ ယင်းသီချင်းမှာလည်း ဆရာကြီးဦးသိန်းဖေမြင့်၊ သခင်မကြီး ဒေါ်ချယ်လောထုံ၏ တောရွာနေအိမ်သို့ ရောက်ရှိစဉ် သီဆိုပြခဲ့သည်ကို ဝိသေသတိုင်းသမိုင်းအစစာအုပ်တွင် မှတ်တမ်းတင် ရေးသားထားပါသည်။ သီချင်းမှာ-

 

ပင်လယ်ရေပြင်၊ ခြေထောက်တင်၍
ကောင်းကင်တောင်ထိပ်၊ ခေါင်းအုံးအိပ်သည့်
ဂုဏ်ဟိတ်မြင့်မား၊ မြန်မာများသည်

မွေးဖွားမိခင်၊ တစ်ရင်ခွင်၌
တူယှဉ်သက်ဆင်း၊ သွေးသားရင်းလျှင်
ဖြစ်ခြင်းအစ၊ ရှိကြ၏
တစ်မိတည်းဖွား၊ သွေးချင်းများသည်
မြင့်မားဂုဏ်ဒြပ်၊ မင်းမြတ်သမ္မတ
ထိုမှအစ၊ ဆင်းသက်ကြ၍
ကာလရှည်လျား၊ မင်းဆက်များစွာ
ဆွေသားညီနောင်၊ တိုင်းပြည်ထောင်လျက်
ဦးဆောင်ရှေ့က၊ လမ်းညွှ
န်ပြသည့်
ကိုယ့်အရှင်နှင့်၊ သခင်နှင့်
ရေမြေ့သခင်၊ ကိုယ့်အရှင်နှင့်
ပြည်ခွင်ကြီးကျယ်၊ ၀ပြောကြွယ်လည်း
ပင်လယ်ရပ်ခြား၊ တိုင်းတစ်ပါး၏
တောကျားစဉ်းလဲ၊ အရိပ်ကဲကို
ပြည်ထဲဦးသျှောင်၊ ရွှေနန်းဆောင်က
မြင်အောင်မကြည့်၊ ယှဉ်မညှိဘဲ
ကိုယ်၏အတ္တ၊ ကိုယ့်မာနနှင့်
သူကဖြူလျှင်၊ ငါမည်းချင်ကြ
အမြင်ထွင်းဖောက်၊ မစူးရောက်ဘဲ
ခေတ်နောက်ကျန်ရစ်၊ ဉာဏ်မသစ်၍
လူညစ်မျိုးခြား၊ တိုင်းတစ်ပါး၏
ဖဝါးကျွန်အောက်၊ ပြားပြားမှောက်သည့်
သားပေါက်ကျွန်ကျေး၊ ဖြစ်ရသေးသည်
မသွေးစည်းခဲ့ကြခြင်းကြောင့်။
ဟေ့
ငါတို့မြန်မာ၊ ဆိုသည်မှကား
အာဇာနည်မျိုး၊ ဘုန်းတန်ခိုးနှင့်
မညှိုးတေဇာ၊ ဂုဏ်လင်းဖြာမြဲ
ကမ္ဘာမကျေ၊ သွေးဆူဝေ၍
ကိုယ့်မြေကျူးကျော်၊ မသူတော်နှင့်
မောက်မော်စော်ကား၊ နယ်ချဲ့များကို
ဆောင်ဓားကိုဆွဲ၊ သေနတ်စွဲ၍
တိုက်ပွဲဝင်ကြ၊ တွန်းလှန်ကြ၏
ကာလမခြား၊ မရပ်နားဘဲ
ကြိုးစားရွက်ဆောင်၊ ပြည်ချစ်မောင်တို့
မှန်အောင်ရှေ့က၊ လမ်း
òန်ပြလျက်
ပြည်မတောင်တန်း၊ တစ်စိတ်ဝမ်းနှင့်
လွတ်လမ်းဖွေရှာ၊ ခရီးတာ၌
အာဇာနည်သွေး၊ ဆေးဖြင့်ရေးသည့်
လွတ်လပ်ရေးကြီးရခဲ့၏
လွတ်လပ်ခဲ့ပြီး၊ မြန်မာပြည်ကြီး
ဝေစည်သာယာ၊ ဘေးဘယာကင်း
လိုရာဆန္ဒ၊ ပြုနိုင်ကြသော်
ရှေ့ကစွန့်စား၊ ပုဂ္ဂိုလ်များကား
တောကြားတောင်ကြား၊ မထင်မရှားနှင့်
နွမ်းပါးချို့တဲ့၊ ဥစ္စာမဲ့လည်း
တကယ့်တိုက်ပွဲ၊ ချောင်ခိုလွှဲတို့
သူပဲစွန့်ယောင်၊ စကားဖောင်၍
ရွှေရောင်ငွေရောင်၊ ဝါဝင်းပြောင်သည်
ပြည်ထောင်စုကြီးလမ်းခရီး။ ။

 

အခြားစာဆိုတော်တစ်ဦးမှာ ဦးကမ်စွတ်ဖြစ်ပါသည်။ဦးကမ်စွတ်သည် ဘွင်မန်ရွာဇာတိဖြစ်၏။ ဗိုလ်ခိုင်ကမ်း၏တပ်၌ တပ်မှူးတစ်ဦးဖြစ်သည်။ ကန်ပုလဲရွာတိုက်ပွဲ၊ မြေနီတောင်တိုက်ပွဲ၊ အိင်ကျစ် (သိုင်းငင်း)တိုက်ပွဲများ၌ ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်သည်။ ဦးထာနွမ်းဦးစီး၍ ရှာလ်လုမ်ခံတပ်ကိုတည်ဆောက်နေစဉ် အင်္ဂလိပ်တပ်များ မကပ်နိုင်အောင် ကြားဖြတ်တိုက်ခိုက်ရန် တာဝန်ယူရ သည်။ ရှာလ်လုမ်ခံတပ်သို့ ချီတက်လာသည့် ဗြိတိသျှ တပ်ကိုတိုက်ခိုက်သည့် ညတိုက်ပွဲတွင် ၎င်း၏အစ်ကိုရင်း ဦးဆွမ်ထွမ်း ကျဆုံးသွားခဲ့သည်။ အစ်ကိုရင်းအတွက် လက်စားချေရန် အကွက်ချောင်းနေခဲ့သည်။ တစ်နေ့တွင် ထုတ်လိုင်ရှိ အင်္ဂလိပ်တပ်အသွားအလာကို စုံစမ်းပြီး တစ်ကိုယ်တည်းထွက်လာခဲ့သည်။ ထုတ်လိုင်သို့ ပြန်ဝင် လာသည့် ဗိုလ်မှူးစတီဗင် ဦးစီးတပ်ကိုစောင့်ကြိုပြီး ဗိုလ်မှူးစတီဗင်ကို ပစ်သတ်လိုက်သည်။ အင်္ဂလိပ်တို့သည် ထုတ်လိုင်ကိုသိမ်းပြီးထုတ်လိုင်မြို့အုပ်အဖြစ် ဦးထွန်းဝင်း ဆိုသူကို ခန့်ထားသည်။ ဗိုလ်ကမ်စွတ်၏ တပ်ဖွဲ့သည် ဆွောင်ဖုန်း တောင်ကုန်းတိုက်ပွဲ၌ စစ်သည် ၂၉ ဦးကို ပစ်သတ်နိုင်ခဲ့သည်။ များမကြာမီ ဦးကမ်စွတ် အဖမ်းခံရ သည်။ ရန်သူစခန်းမှ ထွက်ပြေးလွတ်မြောက်ပြီး ဗိုလ်ခိုင်ကမ်းနှင့်အတူ ခြောက်နှစ်လုံးလုံး တိုက်ပွဲဝင်သည်။ ၁၈၉၄ ခုနှစ်တွင် ဦးကမ်စွတ်၊ ဗိုလ်တွမ်ထောင်း၊ ဦးပေါင် ဒါးလ်၊ ဦးကမ်လျန်၊ ဦးဒိုလျန်တို့နှင့်အတူ ဖမ်းဆီးခံရပြီး အားလုံး မြင်းခြံထောင်မှာပင် ကွယ်လွန်သွားကြ သည်။

 

ဦးကမ်စွတ်သည် နယ်ချဲ့တပ်မှူးဗိုလ်မှူးစတီဗင်ကို သတ်ဖြတ်စဉ်က "ဂါလ်အိုက်ပွဲ"ခေါ် (အောင်ပွဲ) လက်စားချေပွဲကျင်းပသည့် ဓလေ့ရှိခဲ့သည်။ ထိုပွဲတွင် ကွယ်လွန်သွားသူများအတွက် ရည်စူးပြီး ဝါးကျည်တောက် ၌ ခေါင်ရည်ထည့်ထားသည်။ သေဆုံးခဲ့ပြီးသူတစ်ဦးချင်း၏ ဝိညာဉ်(လိပ်ပြာ)နာမည်ကိုခေါ်၍ ခေါင်ရည်သောက် ကြွပါရန် ဖိတ်ခေါ်ရသည်။ ထိုလက်စားချေအောင်ပွဲတွင် ဗိုလ်ကမ်စွတ်သည် အစ်ကိုဖြစ်သူကိုအော်ခေါ်ရင်း ဤ တေးသီချင်းကို သီဆိုခဲ့သည်။

 

အဖအရာ၊ အားကိုးစွာဖြင့်
ရင်မှာစွဲချစ်၊ အစ်ကိုဖြစ်၏
လူညစ်ရမ်းကား၊ တိုင်းခြားသားနှင့်
ကုလားဖြူမည်း၊ သူ့လက်ထဲ၌
ခွဲခွာခဲ့ကြ၊ စွန့်ခဲ့ရ၍
သောကဖိစီး၊ အပူမီးသည်
မြေကြီးအထုမျှတကား။
ကမ္ဘာကျေလည်း၊ ငါမကျေခဲ့
ငါ့မြေရင်ရွာ၊ ကျူးကျော်လာသူ
ပြည်ရွာတိုင်းခြား၊ တစ်ပါးသားကို
ငါကားယခု၊ စစ်ပြန်ပြု၍
ရန်သူ့ခေါင်းအား၊ ငါ့ဆောင်ဓားဖြင့်
ပိုင်းခြားဖြတ်ယူ၊ တံခွန်ထူလျက်
ဝူးဝူဝူးဝူ၊ ငါဟစ်အူသော်
လူဖြူကုလား၊ လွန်ချောက်ချားလျက်
သူ့သားမယား၊ ဗျာပါပွားလျက်၍
ပြေးလွှားငိုကြွေး၊ မြင်ယောင်သေးသည်
ညီလေးလက်စားချေခဲ့ပြီ။
နောင်တော့်အတွက်၊ ညီချစ်လက်ဖြင့်
ဆက်ဆက်လက်စား၊ ချေခဲ့ထားပြီး
သိကြားစေရန်၊ စိတ်ရည်သန်၍
ထုံးစံအလိုက် "ဂါလ်အိုက်ပွဲ"ကို
ဆင်နွှဲကျင်းပခဲ့ပါပြီ။
ဂါလ်အိုက်ပွဲ
ပြုမြဲထုံးစံမျိုးနွယ်ဟန်ကို
မြင်ရန်ကြွရောက်၊ ခေါင်ရည်သောက်လော့
ကျည်တောက်အပြည့်၊ ခေါင်ရည်ဖြည့်လျက်
အမိအဖ၊ သင်္ဂဟနှင့်
နှမညီထွေး၊ မျိုးနွယ်သွေးတို့
ချိုမွှေးခေါင်ရည်၊ ခွက်ကိုယ်စီနှင့်
စုံညီစုဝေး၊ အောင်ပွဲပေးသည်
မနှေးအလျင်၊ ပွဲခွင်ဝင်၍
ပျော်ရွှင်ဆင်နွှဲလှည့်ပါတော့။ ။

 

ဤကဲ့သို့ ဘာသာပြန်ဆိုသော်လည်း ဗိုလ်ကမ်စွတ်၏ မူရင်းသီချင်းရသကို မီလိမ့်မည်မဟုတ်ပါ။ ကျူးကျော်သူ များကို အနိုင်မခံ၊ အရှုံးမပေးသည့် သံမဏိစိတ်ဓာတ်ကို ဖော်ကျူးသည့် သီချင်းဖြစ်၍ ချင်းတိုင်းရင်းသားတို့၏ ရင်ထဲ၌ အမြဲတည်ရှိနေမည်ဖြစ်သည်။နောင်တွင်လည်း မျိုးချစ်စစ်သည် ရဲဘော်၊ ရဲမေများ၏ ခံစားချက်တေးကဗျာ များကိုလေ့လာနိုင်စေရန် ဖော်ပြလိုပါသေးသည်။ ချင်း တိုင်းရင်းသားတို့၏ စာပေ၊ ကဗျာ၊ သီချင်း၊ အနုပညာ အရာ၌လည်း နိမ့်ကျမှုမရှိကြောင်း သီချင်းများက သက်သေပြနေပါတော့သည်။ ။

 

ကြေးမုံ