တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vikram Misri အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံကြည်းတပ် စစ်သံမှူး၊ ရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယသမ္မတကြီး၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ် အောင်မြင်မှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ရင်းရင်းနှီးနှီးဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ကောင်းမွန်လာသည့် အခြေအနေများ၊ မြန်မာနိုင်ငံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအပေါ် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံဘက်မှအားပေး ထောက်ခံရပ်တည် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရေးအတွက် အဆင့်မြင့်ခေါင်းဆောင်များအပြင် စစ်မှုထမ်းများအဆင့်လိုက် ချစ်ကြည်ရေးခရီးများ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်း အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်