လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးမှုအပိုင်းများတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်နေခြင်းသည် အားလုံးနှင့်သက်ဆိုင်မှုရှိ၍ နည်းပညာပိုင်းအရ အားနည်းချက်များ၊ Losses များ၊ စွမ်းဆောင်ရည်များကို စိစစ်၍ ထုတ်လုပ်မှုစွမ်းရည်များကို ယခုထက်ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူကို ဦးစားပေးသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိကထိတွေ့ဆက်ဆံရသော ဌာနဖြစ်သောကြောင့် တိုင်းလျှပ်စစ်အင် ဂျင်နီယာများနှင့် တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးများသည် ဝန်ဆောင်မှုကောင်းရန်လိုအပ်ကြောင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများအတွက် လျှပ်စစ်သည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် လျှပ်စစ်ကဏ္ဍကို ဝန်ကြီးဌာနမှ တာဝန်ခံရမည် ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများသည် ရင်းနှီးမြှုပ်နှံသူများ ရောက်ရှိလာပါက လျှပ်စစ်ကဏ္ဍများတွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ရှင်းလင်းဆောင်ရွက်ပြီး မိမိတို့တိုင်းဒေသကြီး /ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ချင်လာအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အပြုသဘောဆောင်၍ ပြုလုပ်ရန်လိုကြောင်း၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာကြရန်လိုကြောင်း၊ မိမိတို့၏ အောက်ခြေဝန်ထမ်းများ၏ အားနည်းချက်၊ အားသာချက်များကိုသိရှိပြီး အကောင်းဘက်သို့ ဦးတည်လုပ်ဆောင်နိုင်၍ ဆွဲခေါ်ဆောင်ရွက်စေသင့်ကြောင်း၊ Budget, Auditနှင့် Accountant ကိစ္စရပ်များကိုလည်း အထူးဂရုစိုက်၍ ပြုလုပ်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများကို ပထမအကြိမ်တွေ့ဆုံမှုအပြီး လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ထပ်မံမှာကြားလို၍ ယခုကဲ့သို့ ဒုတိယအကြိမ်ခေါ်ယူ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်း၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် Standard operating procedure(SOP)များရှိပြီဖြစ်၍ ၎င်း SOP များအတိုင်း မီတာစာရေး/လိုင်းမင်းမှအစ မိမိတို့၏ ဝန်ထမ်းများကိုချပြ၍ လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ဒေသအလိုက် လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ဖြန့်ဖြူးပေးမှု၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှုဝန်အားနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်းတို့၏ အမှုဆောင်အရာရှိချုပ်များက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများအနေဖြင့် မိမိတို့ ဒေသအသီးသီးအလိုက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရန် အထူးအလေးထား ဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Electrification Ratio တိုးတက်အောင် စီမံကိန်းများချပြခဲ့ပြီးဖြစ်၍ အဆိုပါစီမံကိန်းများ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)