အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် Child Online Protection အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့အချိန်တွင် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် အင်တာနက် အသုံးပြုသူ များပြားလျက်ရှိပါကြောင်း၊ အရွယ်ရောက်ပြီးလူကြီး၊ လူငယ်များသာမက ကလေးသူငယ်များ အကြား၌ပင် အင်တာနက် အသုံးပြုမှု ပိုမိုများပြားလျက်ရှိပါကြောင်း၊ ထိုသို့အသုံးပြုခြင်းသည် ကလေးသူငယ်များ အတွက် တီထွင်ဖန်တီးနိုင်မှုရှိသည့် ပညာရေးစနစ်ကိုလေ့လာနိုင်ရန်အတွက် အခွင့်အရေး များဖန်တီးပေးနိုင် သကဲ့သို့ ကလေးသူငယ်များအတွက် အန္တရာယ်များကိုလည်း ယူဆောင်လာပါကြောင်း။
ကလေးသူငယ်များအတွက် အန္တရာယ်ဆိုသည်မှာ ကလေးများနှင့် မသင့်လျော်သော အကြောင်းအရာများဖော်ပြ၍ ဆိုက်ဘာအနိုင်ကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအလွဲသုံးမှု၊ အသုံးချမှုနှင့် ခြိမ်းခြောက်မှုများ ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ Online သုံးစွဲမှုများကို အကာအကွယ်ပေးရေးသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပေါ် ကျရောက်နိုင်သည့်အန္တရာယ်များကို ကာကွယ်ပေး ရန်လိုအပ်သကဲ့သို့ ကလေးသူငယ်များ ရရှိနိုင်မည့်အကျိုးကျေးဇူးများအား အဟန့်အတား မဖြစ်စေရေးကိုလည်း မျှတစွာစဉ်းစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) မှ ဌာနေ ကိုယ်စားလှယ် Dr. Syed Ismail Shah က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆွေးနွေးပွဲ အကြောင်းအရာအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အင်တာနက်အွန်လိုင်းနည်းပညာများ အသုံးပြု၍ လိင်အလွဲသုံးစားပြုခြင်းနှင့် အခြားစီးပွားရေး လုပ်ငန်းများတွင် မရိုးဖြောင့်သော ရည်ရွယ်ချက်များဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းတို့မှ ကာကွယ်နိုင်ရေးနှင့် အသိပညာပေး ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက် သွားရမည့် ကိစ္စရပ်များ၊ ချမှတ်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ Childline Thailand Foundation မှ Executive Director, Mr. Ilya Smirnoff ၊ Sensorise Digital Services Private Limited, India မှ CIO and Management Team Member , Mr. VijayaVivek Kamath ၊ Mr.Prasun Nigam နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ အင်တာနက် ဝန်ဆောင်မှုပေးသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၈ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)