နေပြည်တော် ၂၄ ဧပြီ
ဧပြီ ၂၂ ရက် ည သန်းခေါင်ခန့်က ဖားကန့်တွင် ဖြစ်ပွားခဲ့သည့်ကြောက်ခမန်းလိလိဖြစ်ရပ်ကြီးမှာ နိုင်ငံတကာသတင်းဌာနအသီးသီး၏ ဖော်ပြမှုများနှင့်အတူ ကမ္ဘာအနှံ့သို့ သတင်းပြန့်ခဲ့ပြီဖြစ်သည်။ ကောင်းသတင်းထက် ဆိုးသတင်းက လူစိတ်ဝင်စားမှုနှင့် ပျံ့နှံ့မှုအားကောင်းလေ့ရှိကြသည့် သဘာဝအတိုင်းပင် ဖားကန့်၏ ဖြစ်ရပ်ဆိုးက သတင်းထူးတစ်ပုဒ်အဖြစ် ပျံ့နှံ့ခဲ့ရခြင်းပင်ဖြစ်သည်။
နွံကန်ပေါက်ကျသည့်ဖြစ်စဉ် ဖြစ်ပွားချိန်သည် ညဉ့်နက်ချိန်ဖြစ်သည့်အလျောက် ကုမ္ပဏီနှစ်ခု၏ ညဆိုင်း အလုပ်သမားများသာရှိနေပြီး ရေမဆေးကျောက်ရှာသမားများနှင့် အခြားလူများ ရှိမနေခြင်းကြောင့်သာ အသေ အပျောက်ကိန်းဂဏန်းမှာ လက်ရှိထက် ကြီးမားမသွားရခြင်းဖြစ်သည်ဟု ဝေဖန်ပြောကြားမှုများ ကိုလည်း ကြားသိရသည်။ သို့တိုင်အောင် လက်ရှိသိထားရသော သေဆုံးပျောက်ဆုံးအရေအတွက်နှင့် ရွှံ့ နွံများအောက် ရောက်ရှိသွားသည့် ယာဉ်ယန္တရားများအရေအတွက်တို့သည်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်နေပေပြီ။ မြေစာပုံပြိုကျမှု အပါအဝင်မတော်တဆဖြစ်ရပ်များကြောင့် လစဉ်ဆိုသလို လူသေဆုံးမှု များဖြစ်ပေါ်လေ့ရှိသည့် ဖားကန့် ကျောက်စိမ်းမြေတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သည့် လူ ၁၀ဝ ကျော် သေဆုံးခဲ့ရသည့် ဖြစ်ရပ်နောက်ပိုင်းတွင်ယခုအကြိမ်သည် လူအသေ အပျောက်အများဆုံးဖြစ်ရပ်ဖြစ်လာသည်။
ခြေဗလာလက်ဗလာနှင့်လာသည့် လူသည်ပင်လျှင် ကံကြမ္မာဖေးမပါက နေ့ချင်းညချင်း သူဌေးဘဝသို့ ရောက်နိုင်သည်ဟူသော မျှော်လင့်ချက်အိပ်မက်များနှင့်အတူ ဖားကန့်ဒေသသို့ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်မှရောက်လာသူများမှာ သိန်းနှင့်ချီ၍ ရှိနေကြသည်။ အတိတ်ကာလက ဖားကန့်ဒေသမှာ တစ်ပိုင် တစ်နိုင် သံတိုင်ကိုင်တူးခဲ့ကြသည့် ရိုးရာကျောက်တွင်းများခေတ်တွင် တောတောင် သဘာဝ ပတ်ဝန်းကျင်တို့ အပျက်အစီး နည်းခဲ့သော်လည်း စက်ယန္တရားကြီးများသုံးပြီး လုပ်ကွက်ကြီးများ၊ ကုမ္ပဏီများဖြင့် ကျောက်စိမ်း တူးဖော်သည့်လုပ်ငန်းများ တွင်ကျယ်ကြီးမားလာခဲ့ပြီးသည့်နောက် တောနှင့်တောင်နှင့် မြစ်ချောင်း များအားလုံးမှာ မိုင်းများ၊ ယမ်းများ၊ စက်ယန္တရားကြီးများဖြင့် ကြိတ်ချေခံရသည့်နှယ် ပြားပြားဝပ်စင်း ခဲ့ကြရသည်။ ဖားကန့်ဒေသသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဒေသ အနှံ့အပြားမှ ရွှေ့ပြောင်းအလုပ်သမား အမြောက် အမြားမှာလည်း ဒေသအတွက် ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်လာသည့်အလျောက် ၎င်းတို့အတွက်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုပါ သက်ဆိ်ုင်ရာ တို့က ဆောင်ရွက်ပေးလာရသည်။ တစ်ဖက်တွင်လည်း ကမ္ဘာပေါ်တွင် အကောင်းဆုံး ကျောက်စိမ်းကို ထုတ်လုပ်နေသည့် မိမိတို့နိုင်ငံအနေဖြင့် သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲထုတ်လုပ်မှုတို့ တိုးတက်ခဲ့ရာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ထုတ်လုပ်မှု တန်ဖိုးကို ကျပ်သန်းထောင်ပေါင်း ၇၃၉ ကျော် လျာထားရာမှာ ကျပ်သန်းထောင်ပေါင်း ၁၀၂၈ ခန့် ထုတ်လုပ် နိုင်ခဲ့ပြီး လျာထားချက်ထက် ၁၃၉ ဒသမ ဝ၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေအရ ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူများတွင် တာဝန်များနှင့်အတူ အခွင့် အရေးများလည်းရှိရာ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၌ ဘေးအန္တရာယ် ကင်းရှင်းရန်နှင့် မတော်တဆဖြစ်ပွားမှုမှကာကွယ်ရန် စီမံဆောင်ရွက်ခြင်း၊ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှု မရှိစေရန် စီမံဆောင်ရွက်ခြင်းတို့ကို နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ဟူသော ပြဋ္ဌာန်းချက်များလည်း ပါရှိလျက်ရှိသည်။ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူများက ၎င်းတို့ ဆောင်ရွက်ရမည့်တာဝန်များ ကျေပွန်စွာ ဆောင်ရွက်ခြင်း ရှိ မရှိကိုမူ စစ်ဆေးရေးအရာရှိချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်စစ်ဆေးရေး အဖွဲ့က ကြည့်ရှုစစ်ဆေးသွားရမည်ဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းချက်များတွင် တွေ့ရှိရသည်။
တန်ဖိုးကျပ်ငွေ ထရီလီယံနှင့်ချီ၍ ထုတ်လုပ်နေသော ကျောက်မျက်ရတနာလုပ်ငန်းများမှာ လက်ရှိမိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အရေးပါ သောကဏ္ဍ၌ ရှိနေသည်။ ယင်းလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်နေကြသူများတွင်လည်း အောက်ဆုံးအဆင့်မှသည် အပေါ်ဆုံးအဆင့်ထိ အိပ်မက်ကိုယ်စီ ရှိနေကြသည်။ မည်သို့ပင်ရှိစေကာမူ ယင်းအိပ်မက်များအတွက် လူ့အသက်များနှင့် သဘာဝရေမြေ တောတောင်များကိုပါ ရင်းနှီးပေးဆပ်နေကြရသည်ကို အားလုံးက သတိချပ်ကြဖို့လိုသည်ဟု ရှုမြင်မိသည်။ ကျောက်စိမ်းဒေသ စိမ်းလန်းစိုပြည်လှပရေး၊ အနိဋ္ဌာရုံများ ကင်းစင်ရေးအတွက် ပြဋ္ဌာန်းပြီးဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ဆောင်ရွက် နိုင်ကြပါစေကြောင်း။
မြန်မာ့အလင်း