နေပြည်တော် ၂၄ ဧပြီ
လူမှုဘဝပတ်ဝန်းကျင်တွင် ရပ်တည်ရှင်သန်နေသော သတ္တဝါများတွင်လူသတ္တဝါ တို့အပေါ် မှီခိုရှင်သန်နေသည့် လူနှင့်ယဉ်ပါးသောသတ္တဝါနှင့်မယဉ်ပါးသော သတ္တဝါဟူ၍ နှစ်မျိုးရှိပါသည်။ ယင်းသတ္တဝါများတွင်မှက်၊ ကြွက်၊ ခြင်၊ ယင်၊ ကြမ်းပိုးစသည့် ပိုးမွှားတိရစ္ဆာန်တို့သည် လူတို့နှင့်ယဉ်ပါးခြင်းမရှိဘဲ ဒုက္ခအမျိုးမျိုးပေးတတ်သဖြင့် ထိုသတ္တဝါများကိုရှင်းလင်းသုတ်သင်နှိမ်နင်းလေ့ရှိကြပါသည်။
လူတို့နှင့်ယဉ်ပါးသောသတ္တဝါများမှာ အိမ်မွေးတိရစ္ဆာန်လည်းဖြစ်၊ လူ့ပတ်ဝန်းကျင်တွင် သဘာဝအလျောက် ရှင်သန်နေသော ခွေး၊ ကြောင်၊ ကြက်၊ ငှက် စသည့် တိရစ္ဆာန်များ ဖြစ်ပါသည်။ လူတို့နှင့်ယဉ်ပါးသည်ဖြစ်စေ၊ မယဉ်ပါးသည်ဖြစ်စေ၊ အိမ်မွေးသည်ဖြစ်စေ၊ အိမ်မမွေးသည်ဖြစ်စေ မည်သည့် တိရစ္ဆာန်မဆို ရောဂါပိုးမွှား အကြီးအငယ် ရှိနိုင်ပါသည်။ သို့သော်လူတို့၏ချစ်ခြင်း၊ သနားကြင်နာတတ်ခြင်း စိတ်အခံကြောင့် လူတို့နှင့် ယဉ်ပါးသောတိရစ္ဆာန်များကို နှိမ်နင်းလိုခြင်းမပြုကြဘဲ မယဉ်ပါးသော တိရစ္ဆာန်များကိုမူ နှိမ်နင်းလေ့ရှိကြ ပါသည်။
မည်သည့် တိရစ္ဆာန်မျိုးကိုမဆို သတ္တဝါများအပေါ် သနားညှာတာ သောအားဖြင့် သတ်ဖြတ်ညှဉ်းဆဲခြင်း မပြုသင့်သည်မှာမှန်သော်လည်း လူတို့အား ကူးစက်တတ်သော ဘေးအန္တရာယ်များရှိပါက နှိမ်နင်းမှုတစ်မျိုး မဟုတ်တစ်မျိုး ပြုလုပ်သင့်ပါသည်။ ဥပမာအားဖြင့် လူတို့နှင့်နေ့စဉ်ထိတွေ့နေသည့် ကူးစက်တတ်သော ခြင်၊ ယင်အန္တရာယ်တို့ကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းရမည်ဖြစ်ပြီး လူတို့နှင့်ယဉ်ပါးနေသော အိမ်မွေး၊ သဘာဝအလျောက်မွေး တိရစ္ဆာန်များကိုလည်း စနစ်တကျ ကာကွယ်တားဆီးရမည် ဖြစ်ပါသည်။
လက်ရှိကာလမှာ ပူပြင်းသောနွေရာ သီကာလဖြစ်၍ ခွေးရူးရောဂါ ဖြစ်ပွားတတ်သော အချိန်အခါဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။ လူတို့နှင့်ရောနှောနေထိုင်ရာမှ ခွေးရူးရောဂါဖြစ်ပွားနေသည့် ခွေးကိုက်ခံရသဖြင့် အသက်သေဆုံးရသည့်အဖြစ်များကိုလည်း သိရှိထားရန် လိုအပ်ပါသည်။ ခွေးရူးရောဂါဖြစ်ပွားမှုမှာ တစ်နှစ် ထက်တစ်နှစ် တိုးပွားနေသဖြင့်ပြီးခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ညှိနှိုင်းအဖြေရှာခဲ့ကြသည်ကို ကြားသိခဲ့ရပါသည်။
တစ်ကမ္ဘာလုံးကိုခြုံကြည့်လျှင် နှစ်စဉ်ခွေးကိုက်ခံရသဖြင့် ခွေးရူး ရောဂါကာကွယ်ဆေး လူ ၁၀ သန်းခန့် ထိုးခဲ့ရပြီး ခွေးရူးပြန်ရောဂါကြောင့်သေဆုံးသူ လူငါးသောင်းခွဲခန့် ရှိနေသည်။ မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသူ အရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပြီး ယမန်နှစ်က လူနှစ်သိန်းခန့်ရှိသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်က ခွေးရူးပြန်ရောဂါ ကြောင့် သေဆုံးသူ လူ ၂၄၅ ဦးမှ ယမန်နှစ်တွင် လူ ၇၀ အထိ လျော့ကျသွား ကြောင်း သိရသည်။
ခွေးရူးရောဂါသည် ကြောက်စရာကောင်းသည်ဆိုသော်လည်း ပေါ့ပေါ့နေတတ်သော မြန်မာတို့အဖို့ အမှုမဲ့ အမှတ်မဲ့နေတတ်သည်။ ခွေးရူး ရောဂါဖြစ်နေသည့် တိရစ္ဆာန်သည် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများနှင့်အတူ အစားမစားခြင်း၊ ရေမသောက်ခြင်း၊ အနီးအနားရှိ လူ၊ တိရစ္ဆာန်များကို တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ ကိုက်ခဲခြင်း တို့ဖြစ်လာတတ်ပြီး ထိုရောဂါလက္ခဏာပြပြီး ရက်များမကြာမီတွင် ရောဂါရှိသော တိရစ္ဆာန်မှာ သေဆုံးသွားတတ်သည်။
အဆိုပါရောဂါနှင့်ပတ်သက်၍ အိမ်မွေးတိရစ္ဆာန်နှင့် ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များကို နှိမ်နင်းရန်မှာ လွယ်ကူလှသော ကိစ္စမဟုတ်ဘဲ ကန့်ကွက်မှုများစွာရှိနေသည်။ တိရစ္ဆာန်ချစ်သူများအနေဖြင့် (ခွေးလေ ခွေးလွင့်) ပတ်ဝန်းကျင်ရှိခွေးများအား ရှင်းလင်းခြင်းကို လက်ခံလေ့မရှိချေ။ ထို့ကြောင့် (ခွေးလေခွေးလွင့်) ပတ်ဝန်းကျင်ရှိ ခွေးများကို ကာကွယ်ဆေးထိုးခြင်း၊ ခွေးကောင်ရေ မတိုးပွားအောင် သားဆက်ခြားပေးခြင်း (သို့မဟုတ်) သားကြောဖြတ်ပေးခြင်း စသည့် နည်းလမ်းတို့ဖြင့် အစားထိုး လုပ်ဆောင်ပေးကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ လူတို့၏ကျန်းမာရေး၊ ဘေးအ္တရာယ်ကင်းဝေးရေးအတွက်အိမ်မွေးတိရစ္ဆာန်များသာမက ပတ်ဝန်းကျင်မှ တိရစ္ဆာန်များကို သတိပြု ဆင်ခြင်စောင့်ကြည့်ထားရှိကြရန်နှင့် မိမိနေအိမ်နှင့် ပတ်ဝန်းကျင်မှခွေးများကို သုတ်သင်ရှင်းလင်းခြင်းမဟုတ်သည့် အခြားနည်းလမ်းများဖြင့်စနစ်တကျ ဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါသည်။
ကြေးမုံ