စစ်ကိုင်းတိ်ုင်းဒေသကြီး  ကန့်ဘလူမြို့နယ် ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဆားလင်းကြီးမြို့နယ် နတ်ချစ်တောင်မှ သမင်အမနှစ်ကောင် ဒီဇင်ဘာ ၂၂ ရက်ည ၇ နာရီက ရောက်ရှိခဲ့ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးဦးမင်းဆွေထံက သိရသည်။

 

ဘေးမဲ့တောသို့ သမင်နှစ်ကောင်ပို့ဆောင်ရာတွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံအစီအစဉ်(WCS) မှ ပညာရှင်နှစ်ဦးနှင့် မန္တလေးမြို့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်မှကျွမ်းကျင်လုပ်သားနှစ်ဦးတို့က ပါဝင်ကူညီဆောင်ရွက်ပေးသည်။ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းနှစ်ဦးသွားရောက်လွှဲပြောင်းလက်ခံရယူပြီး သစ်တောဦးစီးဌာန၊သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ(နေပြည်တော်)မှ ဦးစီးအရာရှိဦးသန်းလင်းပါဝင်သည့်အဖွဲက Wild Life Mobile Rescue(ပညာပေးအစီအစဉ်)မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ သမင်နှစ်ကောင်သည် မြန်မာ့ဒေသရင်းမျိုးစေ့ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး လုံးဝကာကွယ်ထားသည့် သမင်မျိုးစေ့ ဖြစ်ကြောင်းနှင့် ယင်းအပြင် ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်မှလည်း မြန်မာ့ရွှေသမင် အထီးနှစ်ကောင်နှင့် အမနှစ်ကောင်ကို ဆက်လက်သယ်ယူရွှေ့ပြောင်းပြီး ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော စမ်းမြောင်စခန်းရှိသမင်ခြံ၌ ထည့်သွင်းမွေးမြူပြသသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးဦးမင်းဆွေက  ပြောသည်။

 

ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော စမ်းမြောင်စခန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဧရိယာငါးဧကအကျယ်အဝန်းရှိသည့် သမင်ခြံတည်ဆောက်ထားရှိပြီး ချပ်သင်းဘေးမဲ့တောသို့ လာရောက်လေ့လာသည့် ခရီးသွားဧည့်သည်များအနေဖြင့် တောတွင်းသဘာဝအတိုင်း ကျင်လည်ကျက်စားနေသည့်မြန်မာ့ရွှေသမင်များကို လိုက်လံကြည့်ရှု၍အချိန်မရပါက ခြံအတွင်းပြသထားသည့် ရွှေသမင်များကို အလွယ်တကူကြည့်ရှု လေ့လာခွင့်ရရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းအပြင် သမင်ခြံနှင့်ဆက်စပ်၍ စမ်းမြောင်စခန်းတွင်ဖွင့်လှစ်ပြသထားသော ချပ်သင်းဘေးမဲ့တော သဘာဝသမိုင်းပြတိုက်၌ ချပ်သင်းဘေးမဲ့တော၏ နေရင်းသဘာဝတောကောင်များ၊ လိပ်ပြာနှင့်အင်းဆက်များ၊ ကုန်းနေ၊ရေနေတွားသွားသတ္တဝါများ၊ငှက်မျိုးစိတ်များ၊ ရုပ်လုံးသွင်းအကောင်များ၊ ဆေးစိမ်အကောင်များ အစရှိသဖြင့်လေ့လာကြည့်ရှုနိုင်မည်ဖြစ်ပြီး လေ့လာကြည့်ရှုလိုသည့် ခရီးသွားဧည့်သည်များ တည်းခိုနားနေနိုင်ရန်အတွက် ဧည့်သည် ၁၆ ဦး တည်းခိုနိုင်မည့် ရှစ်ခန်းတွဲတစ်ထပ် သစ်လုံးဧည့်ရိပ်သာ တစ်လုံးကိုလည်း သမင်ခြံနှင့်ပြတိုက်တည်ရှိရာစမ်းမြောင်စခန်းတွင် ဆောက်လုပ်လျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

လာရောက်လေ့လာသူဧည့်သည်များအနေဖြင့် စမ်းမြောင်စခန်းဧည့်ရိပ်သာတွင်တည်ခိုပြီး ပြတိုက်၊သမင်ခြံတို့မှတစ်ဆင့်ဘေးမဲ့တောအတွင်း အထူးထိန်းသိမ်းရေးဇုန်၌တည်ရှိသည့် ကင်းစမ်းစခန်းဧရိယာသို့လည်းကောင်း၊ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဇုန်အတွင်းတည်ရှိသည့် တံခွန်တိုင်စခန်းနှင့်ကျေးအင်းရေပြင်ဧရိယာသို့လည်းကောင်းသွားရောက်ပြီး မြန်မာ့ရွှေသမင်နှင့်တောရိုင်းတိရစ္ဆာန်များ၊ဒေသရင်းငှက်မျိုးများနှင့်ဆောင်းခိုငှက်မျိုးစိတ်များ၊ကျေးအင်းအတွင်းပေါက်ဖွားနေသော ရေနေသတ္တဝါမျိုးစိတ်များနှင့်ကုန်းနေ၊ရေနေသတ္တဝါမျိုးစိတ်များ၊သစ်ခွအမျိုးမျိုးနှင့်ဆေးဖက်ဝင်အပင်များ၊ အင်တိုင်းတော ဂေဟစနစ်မှ လူသားတို့အကျိုးအတွက် အထောက်အပံ့ပြုမည့် အသေးစားသစ်တောထွက် ပစ္စည်းအမျိုးမျိုးနှင့် သစ်ပင်မျိုးစိတ်များကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)