ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလတွင်ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့သည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ရန်နှင့် အာဆီယံမှ ပူပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး( ASEAN Coordinating Centre for Humanitarian Assistance on Disaster Management -AHA Centre) တို့နှင့် ကြိုတင်ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ၏ ပြီးစီးမှုအခြေအနေများကို လေ့လာနိုင်ရန်အတွက် အာဆီယံအတွင်းရေးမှူးချုပ် H.E. Mr. Lim Jock Hoi ၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း၊ ငါးခူရပြန်လည် လက်ခံရေးစခန်း၊ လှဖိုးခေါင်ကြားစခန်းနှင့် ရွှေဇားကျေးရွာများ၌ မြေပြင်ဆောင်ရွက် ပြီးစီးမှုများကို လိုက်လံကြည့်ရှုကြသည်။
မောင်တောမြို့နယ်အတွင်းရှိ တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်းများတွင် အခြေခံအဆောက်အဦများ တည်ဆောက်ထားမှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ရေးလုပ်ငန်းများ၊ နေထိုင်စားသောက်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ထားမှု၊ လူ့အသုံးအဆောင် ပစ္စည်းများထောက်ပံ့ပေးရန် စီစဉ်ထားမှုများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် လှဖိုးခေါင်ကြားစခန်း သို့ရောက်ရှိပြီး လက်ခံရေးစခန်းများမှ ရောက်ရှိလာသူများ ခေတ္တနေထိုင်နိုင်ရေးအတွက် လူနေထိုင်ရန်အိမ်ခန်းတွဲများ တည်ဆောက်ထားမှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းထားသည့် Modular Houses များစီစဉ်ထားမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် စီစဉ်ထားမှုများ၊ အသက်မွေးဝမ်း ကျောင်းနှင့် ဝင်ငွေရရှိရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှု၊ ယာယီစာသင်ခန်းများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ ကလေးငယ်များအတွက် ကလေးပျော်နေရာများနှင့် အမျိုးသမီးများအတွက် အိမ်တွင်းမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားမှုများကို ကြည့်ရှုလေ့လာကြသည်။
ထိုမှတစ်ဆင့် ကိုယ်စားလှယ်အဖွဲ့သည် ရွှေဇားကျေးရွာသို့ရောက်ရှိပြီး ကျေးရွာသူ/ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားကြပြီး ကျေးရွာအတွင်း နေရပ်စွန့်ခွာသူများအတွက် ပြန်လည်အခြေချနေထိုင်ရန် UEHRD ဦးဆောင်မှု၊ အိန္ဒိယနိုင်ငံမှ လှူဒါန်းမှုဖြင့် လူနေအိမ်များ တည်ဆောက်ထားမှုကို လိုက်လံကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်တွေ့ဆုံ၍ ခရီးစဉ်၏ ရည်ရွယ်ချက်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားကြသည်။
(သတင်းစဉ်)