ရန်ကုန် ၂၆ ဧပြီ
မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ဖန်ဂရမ်ရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်ပြီးနောက် မတော်တဆဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည် The Summiter တောင်တက်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဇော်ဇင်ခိုင်အား တောင်တက်တောင်ဆင်း အတွေ့အကြုံများနှင့် မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပြင် ယခုရက်ပိုင်းအတွင်း ဖန်ဂရမ်ရာဇီတောင်သို့ ထပ်မံသွားရောက်ကာ အသက်ဘေးကြုံတွေ့ခဲ့ရသူ တောင်တက်အဖွဲ့ဝင်တစ်ဦးအား ပြန်လည်ရှာဖွေမည့်အကြောင်း များကို မြန်မာ့အလင်းမှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်။
မနှစ်က ဖုန်ရင်ရာဇီဆိုတဲ့ ရေခဲတောင်တက်ဖြစ်တယ်
ဒီ The Summiter အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာ ဖန်ဂရမ်ရာဇီကို တက်ခဲ့တယ်။ တက်ဖြစ်ခဲ့ရတာကတော့ ဒီအဖွဲ့ဝင်လူငယ်တွေက မနှစ်က ၂၀၁၈ ခုနှစ်မှာ ဖုန်ရင်ရာဇီဆိုတဲ့ ရေခဲတောင် တက်ဖြစ်တယ်။ တက်ဖြစ်တဲ့အခါမှာ အောင်မြင်တယ်။ အကုန်လုံးကလည်း ပျော်ရွှင်တယ်။ အကုန်လုံးက တောင် တက်ရတဲ့ ခံစားချက်ကို တကယ့်ကို နှစ်ခြိုက်ပြီးတော့ ဒီနှစ်မှာလည်း မနှစ်က တက်တဲ့တောင်ထက် ပိုမိုခက်ခဲတဲ့ ဖန်ဂရမ်ရာဇီကို တက်နိုင်မလားဆိုပြီး ချဲ့လင့်လုပ်ကြည့်တယ်။
The Summiter ဆိုပြီး သွားခါနီးမှ နာမည်ပေး
ကျွန်တော့်ကိုလည်း စီနီယာအစ်ကို တစ်ယောက်လို ချစ်ခင်ပြီး သူတို့ကို ခေါင်းဆောင်မှုပေးဖို့ ဆက်ပြီးတော့ ဒီနှစ်လည်း ပို့ပေးပါလို့ တောင်းဆို တယ်။ မနှစ်ကတော့ အသင်းက ဒီနာမည်မရှိသေးဘူး။ ဒီနှစ်ကျမှ The Summiter ဆိုပြီး သွားခါနီးမှ သူတို့က အဖွဲ့လေးကို နာမည်လေးပေးချင်တယ်ဆိုပြီး ပေးလိုက်တာ။ ဒီနှစ်မှာ သွားဖို့အတွက် ပထမဖွဲ့တာတော့ လူ ၃၀ ကျော်တယ်။ အဲဒီအထဲမှာ ကျွန်တော်က လေ့ကျင့်ခန်းတွေပေးတယ်။ ကြံ့ခိုင်မှုရှိ၊ မရှိ၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက် နိုင်မှုရှိ၊ မရှိ၊ ရုပ်ပိုင်းဆိုင်ရာ ကိုယ်လက် ကြံ့ခိုင်မှုနဲ့ အကြမ်းပတမ်းခံနိုင်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုတွေကို လေ့ကျင့်ပေးတယ်။ တဖြည်းဖြည်းနဲ့ လူစစ်ရင်းစစ်ရင်း နဲ့ နောက်ဆုံး ကျွန်တော်တို့အဖွဲ့ ခေါင်းဆောင်တွေအပါအဝင် ၂၁ ယောက် ကျန်တယ်။
ဖန်ဂရမ်ရာဇီတောင်ထိပ်ကို လူ ၂၀ ရောက်ခဲ့
အဲဒီလိုနဲ့ သွားဖို့စီစဉ်ပြီး ဧပြီ ၃ ရက်နေ့ညမှာ စထွက်တယ်။ ပူတာအို ကိုတော့ ၄ ရက်နေ့ရောက်တယ်။ ၆ ရက်နေ့မှာ ပူတာအိုကစပြီး ဝါဆန်ဒမ်း၊ ဇီယာဒမ်း အဲဒီရွာနှစ်ရွာကို သွားပြီးတဲ့နောက် တောက်လျှောက် တောစခန်း တွေသွားတယ်။ ၆ ရက်နေ့မှာ ပူတာအိုကထွက်ပြီး ၁၂ ရက်နေ့မှာတော့ ဖန်ဂရမ် ရာဇီတောင်ထိပ်ကို လူ ၂၀ ရောက်ခဲ့တယ်။ ရေခဲစပ်စတွေ့တဲ့နေရာနဲ့ တောင်ထိပ်နဲ့ နှစ်ရက်လောက်ဝေးတဲ့ နေရာမှာတော့ အဖွဲ့ခေါင်းဆောင်ထဲက သုံးယောက်မြောက်က ရေခဲစပ်စခန်းမှာ ကျန်းမာရေးအခြေအနေကြောင့် ကျန်ခဲ့တယ်။ ကျန်တဲ့ ၂၀ လုံး တောင်ထိပ်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့နဲ့ တောင်ထိပ်အထိတော့ ရောက်ခဲ့တယ်။ အောင်မြင်ခဲ့တယ်။
ဖန်ဂရမ်ဆိုတာ ခက်ခဲပါတယ်
ဖန်ဂရမ်ဆိုတာ ခက်ခဲပါတယ်။ ကြမ်းတမ်းပါတယ်။ ချောင်းတွေလည်း အများကြီးဖြတ်ရတယ်။ တကယ်တော့ တောင်တက်တယ်ဆိုတာ စိတ်ဓာတ် ကြံ့ခိုင်တဲ့လူတွေအတွက် တောင်ထိပ်ဆိုတာ ရောက်ပါတယ်။ စိတ်ဓာတ် မကြံ့ခိုင်တဲ့ လူတွေအတွက်တော့ တောင်ထိပ်ရောက်ဖို့ ခက်ခဲပါတယ်။
လူစစ်ပြီးမှ ဒီခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်
ကြိုတင်ပြင်ဆင်မှု အနေနဲ့က မသွားခင်မှာ လေ့ကျင့်မှုတွေရှိခဲ့တယ်။ မသွားခင် ဖေဖော်ဝါရီ၊ မတ်လတွေမှာ ရခိုင်ရိုးမတောကြမ်းထဲမှာ တောတွင်း စခန်းချတာတွေ၊ ကမ့်ထိုးတာတွေ၊ မီးဖို ဖိုတာတွေ၊ တောထဲမှာနေရင် ဘယ်လို ချက်ပြုတ် စားသောက်ရတယ်ဆိုတာ တွေ လေ့ကျင့်ပေးတယ်။ အခြေခံ တောင်တက်နဲ့ ပတ်သက်တဲ့ ကြိုးချည် နည်း၊ ကြိုးတပ်နည်းတွေ၊ တောင်တက် နဲ့ပတ်သက်ပြီး အသုံးအဆောင်ပစ္စည်း ကိရိယာတွေ၊ လုံခြုံရေးပိုင်းတွေ၊ ကယ်ဆယ်ရေးတွေကို ကလေးတွေကို အခြေခံသင်ကြားပေးတယ်။ မတ်လထဲ မှာဆိုရင် သူတို့ကို စမ်းသပ်တဲ့အနေနဲ့ ဇွဲကပင်တက်ခိုင်းတယ်။ ဇင်းကျိုက် တောင်တက်ခိုင်းတယ်။ တစ်ဦးချင်း ကောင်း မကောင်း လေ့ကျင့်ပြီးမှ၊ လူစစ်ပြီးမှ ဒီခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
အခက်ခဲဆုံး ရေခဲတောင်ငါးလုံးကိုလည်း တက်ရောက်လေ့ကျင့်ခဲ့
လက်ရှိမှာ မြန်မာနိုင်ငံမှာရှိတဲ့ တောင်အတော်များများကို တက်ဖူးပါတယ်။ ဖုန်ကန်၊ ဖုန်ရင်၊ ဖန်ဂရမ်၊ လွန်ခရူမာဒင်၊ ခါကာဘိုဘေ့စ်ကိုလည်း သုံးကြိမ်ရောက်ဖူးပါတယ်။ ဂန်လန် ရာဘေ့စ်ကိုလည်း ရောက်ဖူးပါတယ်။ တရုတ်ပြည်က ဟာဗားကိုလည်း တက်ဖူး တယ်။ စာရာမေရိလည်း ရောက်တယ်။ နီပေါက ရေခဲတောင် မီတာ ၆၀ဝ၀ အထက် အခက်ခဲဆုံး ရေခဲတောင် ငါးလုံးကိုလည်း တက်ရောက်လေ့ကျင့်ပြီး ရေခဲတောင်နဲ့ ပတ်သက်တဲ့ ဒီပလိုမာ တွေကိုလည်း သုံးလေးခုလောက်ယူ ထားပါတယ်။
အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်
ကျွန်တော်တို့ခရီးစဉ်မှာ ညီမလေး စိမ့်ထက် မတော်တဆခြေချော်မှုကြောင့် ဆုံးရှုံး လိုက်ရတယ်။ ဒါမျိုးက ရေခဲတောင် သဘာဝမှာတော့ ဖြစ်လေ့ဖြစ်ထတော့ ရှိတယ်။ နည်းပါတယ်။ အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ အောင်မြင်နေတဲ့အချိန်မှာ ဒီအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ညီမလေးတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက် ဆုံးရှုံးမှု တော်တော်ကြီးမားပါတယ်။ ဒီအောင်မြင် မှုတောင် ကျွန်တော်တို့အတွက် ပျောက် ကွယ်သွားတယ်။ သူ့အတွက် ဝမ်းနည်း တာပဲရှိတယ်။ ဒီခရီးစဉ်အောင်မြင်တယ် လို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့ခံစားချက် တွေတောင်မှ ဘယ်လိုမှအစားမထိုး နိုင်ဘူး။
သေချာပြင်ဆင်လေ့ကျင့်တယ်
သွားတဲ့အဖွဲ့တွေရဲ့ အတွေ့အကြုံအနေနဲ့က တစ်ဝက်လောက်က မနှစ်က ဖုန်ရင်ရာဇီရေခဲတောင် တက်ဖူးတယ်။ ရေခဲတောင်တက်ဖူးတဲ့ အတွေ့အကြုံရှိတဲ့သူ တစ်ဝက်လောက်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေကတော့ အတွေ့ အကြုံရှိတဲ့သူတွေ၊ မြန်မာနိုင်ငံမှာ ရေခဲတောင်တွေ အမြဲတက်နေတဲ့သူတွေ သုံးလေးယောက်ပါတယ်။ ကျန်တဲ့သူ တွေကတော့ လူသစ်တွေပါ။ ဒါပေမယ့် လေ့ကျင့်မှုတွေ အများကြီးမောင်းထားပြီး သူ့တို့ရဲ့ကြံ့ခိုင်မှုတွေကို လေ့ကျင့်ပြီး တော့မှ ဒီကလေးတွေကို ဒီရေခဲတောင် အတွက် သေချာရွေးချယ်ခေါ်ယူခဲ့တာ ဖြစ်တယ်။ သွားခါနီးမှာလည်း အသက် အ္တရာယ် လုံခြုံမှုရှိဖို့အတွက် သူတို့ သုံးရမယ့် တောင်တက်ပစ္စည်းကိရိယာ တွေ အကုန်လုံးကို ကျွန်တော် သေချာ စစ်ဆေးပြီးမှ လိုအပ်တာမျိုးမရှိအောင် သေချာပြင်ဆင် လေ့ကျင့်တယ်။ နောက်ပစ္စည်းတွေနဲ့ရင်းနှီးအောင် အသုံးပြု နည်းတွေကို သေချာသင်ကြားပေး တယ်။ ခေါင်းဆောင်းတဲ့ ဦးထုပ်၊ ရေခဲစီး ဖိနပ်၊ လွယ်အိတ်၊ ရေဘူးကအစ မျက်မှန် တပ်ရင်တောင်မှ ရေငွေ့ရိုက်မှာ စိုးလို့ (ရေငွေ့ရိုက်ရင် မှန်မဝါးသွားအောင် နည်းပညာပါတဲ့) မျက်မှန်တွေ သုံးခိုင်း တယ်။ လက်အိတ်တွေ၊ ခြေအိတ်တွေကအစ ရေခဲတောင်တက်ရင် တကယ်သုံးတဲ့ပစ္စည်းတွေ၊ သူတို့ကလည်း ငွေကြေး အကုန်ခံပြီး ဒီပစ္စည်းတွေကို သုံးပါတယ်။ အဲဒီအတွက် ကလေးတွေ အကုန်လုံးမှာတော့ စိတ်ဓာတ်အရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော ပြည့်စုံတယ်။ ဒါပေမယ့် ညီမလေးစိမ့်ထက်ကတော့ ကံတရားတစ်ခုကြောင့်ပေါ့နော်။ သူကျ သွားတာ အလွန်မြန်တဲ့အတွက် ကျွန်တော်တို့လည်း အချိန်မီမဆွဲလိုက် နိုင်ဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ အဖွဲ့ဝင်တစ်ယောက်ကို ဆုံးရှုံးသွား ရတယ်။ ဒီအဖြစ်ဆိုးကြီးကို ကြုံလိုက်ရတယ်။
လူ ၄၀ လောက်ရောက်ဖူးတယ်
ခက်ခက်ခဲခဲရလာတဲ့ အောင်မြင်မှုကတော့ အတိုင်းမသိပါဘူး။ ရေခဲ တောင်ထိပ်ကို တက်တယ်။ ကိုယ်တက် တဲ့ တောင်ရဲ့ခက်ခဲမှုအပိုင်းပေါ့နော်။ တစ်တောင်နဲ့တစ်တောင်နဲ့ မတူဘူးဗျ။ ခက်ခဲတဲ့ တောင်တစ်တောင်ကို အောင်မြင်မှုရတဲ့အချိန်မှာ ဝမ်းသာပီတိ ကတော့ အတိုင်းမသိပါဘူး။ တောင်ထိပ် ကို ရောက်တဲ့အချိန်မှာ ညီမလေး စိမ့်ထက်အပါအဝင် အဖွဲ့သားအားလုံး ဟာ ပျော်လွန်းလို့ ငိုကြွေးကြတယ်။ အကုန်လုံးဖက်ပြီးတော့ ဝမ်းသာလွန်းလို့ တစ်ယောက်နဲ့တစ်ယောက် ဂုဏ်ပြုကြတယ်။ နိုင်ငံတော်သီချင်းဆိုတယ်။ နိုင်ငံတော်အလံကို လွှင့်ထူကြတယ်။ ဒီဖန်ဂရမ်ဆိုလည်း ရှေ့မှာ စီနီယာတွေ၊ ကျွန်တော့်ရှေ့မှာ တက်ခဲ့တဲ့တောင်တက် သမားအဖွဲ့တွေလည်း အများကြီး ရှိခဲ့ တယ်။ ကျွန်တော်တို့ရှေ့မှာဆိုရင် လူ ၄၀ လောက် ရောက်ဖူးတယ်။ ၂၀ဝ၃ က အဖွဲ့တစ်ဖွဲ့လည်းရှိတယ်။ ကျွန်တော် တို့ကတော့ လူအများဆုံး ဒုတိယ ရောက်ဖူးတဲ့အဖွဲ့ပါပဲ။ ကြားထဲမှာတော့ ဒီ ၂၀ ကျော် မတက်ကြဘူးပေါ့နော်။ တက်တဲ့အဖွဲ့တွေလည်း ၂၀ ကျော် မရောက်ကြဘူးပေါ့။
အရင်တက်ခဲ့တဲ့လမ်းကြောင်းအတိုင်း တက်ရောက်ခဲ့
တကယ်တော့သွားခဲ့တဲ့ ဖန်ဂရမ် ခရီးစဉ်က တချို့က ၉၀ ဒီဂရီမတ်တယ် ပြောတယ်။ တချို့က ကြိုးမသုံးဘူး ပြောတယ်။ တကယ်တော့ ၉၀ ဒီဂရီ မတ်တဲ့နံရံတွေ ဖန်ဂရမ်တောင်မှာ မရှိပါဘူး။ ကြိုးမသုံးဘူးဆိုတာ မဟုတ် ပါဘူး။ ကြိုးက သုံးသင့်တဲ့နေရာတွေမှာ သုံးခဲ့ပါတယ်။ တချို့ချောင်းဖြတ်ပြီး ကမ်းပါးတွေတက်တဲ့ အချိန်တွေ၊ အလွန်ချော်တဲ့ နေရာတွေ၊ တက်လို့ မရတဲ့နေရာတွေမှာ ကြိုးတွေသုံးခဲ့ပါ တယ်။ ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယို မှတ်တမ်းတွေကအစ ရှိပါတယ်။ သူချော် ကျတဲ့နေရာက အ္တရာယ်အလွန်များတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တက်ခဲ့တဲ့အပြင် ဒီတောင်တွေက ပုံမှန် အဖွဲ့တိုင်း သွားတက်နေကျ တောင်တွေ ပါ။ ဒီတောင်ကိုတက်ခဲ့တဲ့ အရင်က တက်ခဲ့ဖူးသမျှ မှတ်တမ်းထဲမှာ ဘယ်အဖွဲ့ အစည်းကမှ ကြိုးသုံးပြီး ဒီတောင်တွေ ပေါ် တက်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ကလည်း သူတို့တက်ခဲ့တဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်တက် ရောက်ပြီး အောင်မြင်ခဲ့တာပါ။ ပြန် အဆင်းမှာမှ ဒီဖြစ်ရပ်ဆိုး ဖြစ်တာပါ။
ကမ္ဘာကျော်တောင်တက်သမားလည်း ခြေချော်တာ ဖြစ်နိုင်ပါတယ်
အသက်အ္တရာယ် လုံခြုံမှုအပိုင်းကို ကျွန်တော်တို့လည်း ကြိုးစားပြီး ဆောင်ရွက်ပါတယ်။ အဓိက ကံတရားပေါ့။ တောင်တက်သမားတိုင်းက ကိုယ့်ခြေလှမ်းတိုင်းက ကိုယ့်အသက်ဆိုတာကိုတော့ သတိမလပ်ဘဲ၊ ကိုယ့်ခြေလှမ်းတိုင်းကို သတိမလွတ်ဘဲ ခြေချော် လက်ချော်မဖြစ်အောင် သတိထားဖို့ လိုပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာကျော် တောင်တက် သမားလည်း ခြေချော်တာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်ခြေလှမ်း တိုင်းကို ကိုယ်သတိထားဖို့နဲ့ အသက်အန္တရာယ်လုံခြုံမှုအပိုင်းကို အကောင်းဆုံး ပြင်ဆင်တာတော့ အကောင်းဆုံးပေါ့။ ဒါက ကျွန်တော်သင်ခန်းစာရခဲ့တဲ့အရာတစ်ခုပါ။
ဒီတစ်ရက်၊ နှစ်ရက် နေရင် ပူတာအိုတက်မယ်
အခုက ညီမလေးစိမ့်ထက်ရဲ့Body ကို ပြန်လည်သယ်ယူဖို့ စီစဉ်နေပါတယ်။ ရောက်ကတည်းက မိဘတွေနဲ့ ဘယ်လို ကူညီပေးရမလဲ တိုင်ပင်ပါတယ်။ သူတို့ကတော့ လောလောဆယ် ပြန်လည် သယ်ယူရေးအတွက် တစ်ယောက်ကို တာဝန်ပေးထားတယ်။ ကျွန်တော် ကလည်း သူ့ကိုဆက်သွယ်တယ်။ သူက ပူတာအိုဒေသခံတွေနဲ့ ချိတ်ဆက်ပြီး တော့ ပြန်လည်သယ်ယူဖို့ ဆောင်ရွက် တယ်။ ကျွန်တော်ကလည်း ကျွန်တော့် အဖွဲ့ဝင်ညီမလေးဆိုတော့ ကျွန်တော့်မှာ လည်း တာဝန်ရှိတယ်လေ။ ကျွန်တော် ဘယ်လိုပါဝင်ရမလဲ၊ ကျွန်တော် ဘယ်လို ကူညီရမလဲလို့ ကျွန်တော်ဝင်ရောက် ပူးပေါင်းဖို့အတွက်ကို နေ့တိုင်းဖုန်းတွေ ဆက်တယ်။ ဒါပေမယ့် အခုထိတော့ ဘယ်အချိန်ထွက်မယ်။ ဘယ်လိုလူတွေ ရွေးချယ်ထားတယ်ဆိုတာ ကျွန်တော် လည်း မသိသေးပါဘူး။ ဒီတစ်ရက်၊ နှစ်ရက်နေရင် ပူတာအို တက်မယ်။ သွားမယ့်အဖွဲ့၊ ဒေသခံအဖွဲ့နဲ့ ပူးပေါင်းမယ်။ ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ညီမလေး Body ကို ပြန်လည်သယ်ယူလာပြီး သူ့မိဘတွေဆီကို အပ်နှံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်အကောင်းဆုံးကြိုးစားမှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း- ထင်ပေါ်ဝင်း၊ ဓာတ်ပုံ-ထိန်လင်း
