တရုတ်နိုင်ငံနှင့် ပထဝီအနေအထားအရ နီးကပ်စွာတည်ရှိခြင်းကြောင့် လည်းကောင်း၊ ရှိရင်းစွဲ ရင်းနှီးသော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးရှိမှုနှင့် ခိုင်မာကောင်းမွန်သည့် အိမ်နီးချင်းကောင်းပီသမှုတို့ ကြောင့်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်ခဲ့ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အဆင့်မြင့်ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားရှိ ဆက်ဆံရေးမှာ နှစ်ပေါင်း ထောင်ကျော် ရှည်ကြာခဲ့ပြီဖြစ်သော ချစ်ကြည်ရင်းနှီးသည့် သမိုင်းကြောင်း ရှိပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနက် တရုတ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်မှု အရှည်လျားဆုံးနိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံ ဆက်ဆံ ရေးကိုလည်း ]]ဆွေမျိုးပေါက်ဖော်}}ဆက်ဆံရေးအဖြစ် အစဉ်အဆက် ရည်ညွှန်းခဲ့ကြသည်။ အမျိုးတော်သည်၊ အတူတကွမွေးဖွားခဲ့သည်ဟူသော အနက်အဓိပ္ပာယ်များဖြင့် အလေးအနက်ထားခဲ့ခြင်းလည်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်မှ စတင်ကာ ပြုပြင်ပြောင်းလဲမှုများနှင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အောင်မြင်မှုများက ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည့်အလျောက် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကြီးကို ကမကထပြုလာခဲ့ခြင်းဖြစ်သည်။ Belt and Road Initiative ဟု ခေါ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကြီးက Globalization ခေါ် ကမ္ဘာပြုမှုဖြစ်စဉ်ကို အားကောင်းမောင်းသန်ဖြစ်ထွန်းလာစေလိမ့်မည်ဟု ရှုမြင်မိသည်။ သို့ရာတွင် အဆိုပါ ကမ္ဘာပြုမှုဖြစ်စဉ်တွင်းမှ ကိုယ့်နိုင်ငံ အကျိုးစီးပွားရရန်အတွက်မူ ယူတတ်မှရလိမ့်မည်။ ယူနိုင်မှလည်း ရလိမ့် မည်ဖြစ်သည်။
၂၁ ရာစုသည် ကမ္ဘာတစ်ခွင် ကမ္ဘာပြုမှုဖြစ်စဉ်သို့ ချင်းနင်းဝင်ရောက် လာသော ကာလဖြစ်သည်။ အိုင်တီနည်းပညာ ထွန်းကားပြန့်ပွားခြင်းနှင့် အတူ ကမ္ဘာ့စီးပွားရေး အချက်အချာတို့လည်း ရွှေ့ပြောင်းသည်။ ခေတ်ဟောင်းက အတွေးအခေါ်မျိုးနှင့် လက်ဝါးကြီးအုပ်လုပ်ကိုင်နေ၍ မရတော့။ ဥပမာတစ်ခု အနေဖြင့် ပြရလျှင် အနောက်ကမ္ဘာမှ မော်တော် ကားထုတ်လုပ်သည့် မြို့တော်တစ်ခု ကျီးနှင့်ဖုတ်ဖုတ် ဖြစ်သွားသည်။ ကားထုတ်လုပ်သည့်ကုမ္ပဏီများ အာရှဘက်သို့ ရွှေ့ပြောင်းသွားကြခြင်း ကြောင့်ဖြစ်သည်။ မော်တော်ကားတစ်စီးဖြစ်လာစေဖို့ ခေတ်ဟောင်းကလို တစ်နေရာတည်းမှာ အစအဆုံးလုပ်လျှင် အရှုံးနှင့် ရင်ဆိုင်ရမည်။ ဂလိုဗယ် လိုက်ဇေးရှင်းခေတ်တွင်မူ ကား၏ အစိတ်အပိုင်းအသီးသီးကို နိုင်ငံအသီးသီး တွင် ထုတ်လုပ်ပြီးမှ နောက်နိုင်ငံတစ်ခုတွင် တပ်ဆင်သည်။ ထိုအခါ အရင်း အရင်းအနှီးများ ပြန့်သွားသလို နည်းပညာများလည်း ပြန့်သွားသည်။ ထုတ်လုပ်သည့် ကုန်ပစ္စည်းက ဈေးချိုသည်။ ဂလိုဗယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သူများ၊ ကမ္ဘာ့ဖြစ်စဉ်တွင် ဘေးထွက်ထိုင်သူများ၊ ပါဝင်နိုင်စွမ်း မရှိသူများ တစ်စတစ်စဖြင့် နောက်တွင် ကျန်ရစ်မည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံကို ကမ္ဘာစက်ရုံကြီး အဖြစ် တင်စားခေါ်ဝေါ် ကြသည်။ ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်ကြီးများ ၏ ထုတ်ကုန်အမျိုးမျိုးနှင့် စက်ရုံများ တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းလာကြ သလို တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များလည်း ကမ္ဘာကျော်လာခဲ့ သည်။ သို့ဖြင့် ရှေးဟောင်း ပိုးလမ်းမကြီးကို ပြန်လည်ဆန်းသစ်သည့် ကုန်း ကြောင်းနှင့် ရေကြောင်းပိုးလမ်းမကြီးစီမံကိန်းကို တရုတ်နိုင်ငံက အဆိုပြု လာခြင်းဖြစ်သည်။ ဘီစီ ၂ ရာစု ဟန်မင်းဆက်ခေတ်တွင် ထွန်းကားလာ သည့် ရှေးဟောင်းပိုးလမ်းမကြီးက ရှီအန်းမြို့ အနောက်တံခါးမှ စတင်သည်။ ဗဟိုအာရှကို ဖြတ်သန်းသွားပြီး ဥရောပသို့ ပေါက်သည့် ပင်မပိုးလမ်းမကြီး မှ ခွဲဖြာလာသည့် လမ်းများက အရှေ့တောင်အာရှ၊ တောင်အာရှ၊ ပါရှန်းတို့ နှင့်လည်း ဆက်သွယ်သည်။ ပိုးလမ်းမကြီးသည် ကမ္ဘာ့အရှေ့နှင့် အနောက် ကုန်သွယ်သည့် ကမ္ဘာလုံးချီ ကုန်သွယ်လမ်းမကြီးဖြစ်သလို ဘာသာရေး၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အတတ်ပညာ၊ နည်းပညာတို့လည်း အပြန်အလှန်စီးဆင်းခဲ့သည်။ အကောင်းနှင့်အဆိုးတို့ ဒွန်တွဲနေသည့် သဘာဝအတိုင်းပင် ပလိပ်ရောဂါကဲ့သို့သော ကူးစက်ရောဂါများလည်း အဆိုပါလမ်းမကြီးပေါ်မှပင် ပျံ့နှံ့ခဲ့ဖူးသည်ဟု ဆိုသည်။
၂၁ ရာစု ရပ်ဝန်းနှင့် ပိုးလမ်းမကြီးစီမံကိန်းတွင် ပါဝင်ကြသည့် နိုင်ငံ များအဖို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဖြိုးတိုးတက်မှု အလုံးအရပ် အခြေအနေတို့ မတူညီကြသည့်အလျောက် အမျိုးသားရေးအကျိုးစီးပွား ရှုမြင်ပုံတို့ တူညီကြမည်မဟုတ်။ မိမိတို့ နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး အမျိုးသား အကျိုးစီးပွားနှင့် လိုက်လျောညီထွေသော၊ ပြည်သူများက လိုလားလက်ခံ ယုံကြည်သော စီမံကိန်းများ အကောင်အထည်ဖော်ခြင်းဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမကြီး၏ အခွင့်အလမ်းများကို ရယူအပ်ပါကြောင်း။ မြန်မာ့အလင်း