၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် နိုင်ငံတော်သမ္မတမှ နိုင်ငံတော် အခမ်းအနားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့၌ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသည့် သူရဘွဲ့ရရှိသူ(၂)ဦးကို နိုင်ငံတော်သမ္မတမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အခမ်းအနားဖြင့် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်၍ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဖွဲ့စည်းပြီး ဗဟိုကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ တာဝန်များအား ခွဲဝေဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရန်နှင့် အခမ်းအနားအား အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးအပါအဝင် ဆောင်ရွက်ဖွယ်ရာ လုပ်ငန်းများကို စနစ်တကျကြိုတင် ပြင်ဆင်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ကောင်းများပေးခြင်းဖြင့် ဝိုင်းဝန်းတာဝန်ယူ ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် အခမ်းအနားကျင်းပရေး ဗဟိုကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့်အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ ကျင်ပရေးဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူနှင့် သက်ဆိုင်ရာ၀န်ကြီး ဌာနများမှ အဖွဲ့၀င်များ၊ တာ၀န်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။