စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက မြင်းမူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများရှိ စာသင်ကျောင်းများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးမှုကြောင့် အလွယ်တကူရရှိနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား/သူများအတွက် အဆင့်မြင့်ပညာများ ဆက်လက် သင်ကြားရာတွင် လည်းကောင်း၊ အလုပ်အကိုင်များ ရရှိရေးဆောင်ရွက်ရာတွင် လည်းကောင်း၊ မိမိအတွက် သက်သေခံလက်မှတ် ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် စနစ်တကျ ကိုင်တွယ်သိမ်းဆည်းကြရန် လိုအပ်ပါကြောင်း အမှာစကားများ ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦအောင်မြင့်က သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးနိုင်မှုနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာများ ဆက်လက် ကွင်းဆင်းပြုလုပ်ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင် ၊ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူး ညွှန်ကြားရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။ ယခုသစ္စာစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ် ဆောက်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား အရေအတွက်မှာ (၁၅၈၂)ကတ်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)