မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီမှ ကျင်းပပြုလုပ်သည့် အမျိုးသမီးများအား အကြမ်းဖက်ခြင်းမှ တားဆီးကာကွယ်ရေးနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို  ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သပြေကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူး ဒေါက်တာ နေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ဒလမြို့နယ် ပျော်ဘွယ်ကြီးနယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်ကျော်သူက မှုခင်းဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေအရာရှိ ဦးမျိုးဇော်အောင်က ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအောင်က ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်အေးမာဦးက အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် သက်ငယ်မုဒိမ်း ဖြစ်ပွားရခြင်း အကြောင်းအရာများနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများအား ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်အေးမာဦး၊ တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံး ခရိုင်ဦးစီးမှူး ဒေါက်တာ နေဝင်း၊ ဒုတိယမြို့နယ် ဦးစီးမှူးများ၊ တာဝန်ရှိသူ များနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)