နမ့်ဆန် ၁၇ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် တအာင်းတိုင်းရင်းသားတို့၏ ဂီတအနုပညာ ပိုမိုတိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းရန် ကျေးရွာအသီးသီးရှိ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူထုကိုယ်စားလှယ်များ၊ ဂီတနှင့်အနုပညာကို စိတ်ဝင်စားသော လူငယ်များစုစည်း၍ ယနေ့နံနက် ၁၀ နာရီက ဇယန်းကြီးတိုက်နယ် ကျောင်းတိုက်တွင် မြို့နယ်အဆင့် တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ဇယန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံးအကြံပေး နာယကကြီး ဦးမိုသိမ်းက တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံး ဖွဲ့စည်းရသည့် အကြောင်းရင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျောက်မဲမြို့ တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင် မိုင်းဆမိုင်ရူန်က တအာင်းတေးဂီတနှင့် အနုပညာ အခန်းကဏ္ဍတွင် လူငယ်များက စိတ်ပါဝင်စားမှုရှိသော်လည်း နည်းစနစ်တကျဖြင့် အောင်မြင်ထိုးဖောက်နိုင်သည့် အနုပညာသမား ဖြစ်မြောက်ရန် နည်းလမ်းပေး လမ်းညွှန်ပို့ချရန် လိုအပ်သေးကြောင်း၊ အနုပညာဖြင့် တအာင်း တိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့ကို မြင့်တင်နိုင်သည့် အဆင့်ထိရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း အကြံပြုဆွေးနွေးပြီး ကျေးရွာ အသီးသီးမှ ယဉ်ကျေးမှု ကိုယ်စားလှယ်များကလည်း တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်လာစေရန်အတွက်  အကြံပြု ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ပွဲ ဆက်လက် ကျင်းပရာ တက်ရောက်လာသည့် ကျေးရွာကိုယ်စားလှယ်များ၏ မဲဆန္ဒဖြင့်ရွေးချယ်ကာ မြို့နယ်အဆင့် တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံး အကြံပေးနာယကနှင့် အမှုဆောင် ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုတွင် တအာင်းဂီတနှင့် ရုပ်ရှင်အစည်းအရုံးကို နမ့်ဆန်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ ရန်ကုန် ခြောက်မြို့နယ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး အခြားမြို့နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)