ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ကံချိုင်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကျေးရွာ ပင်လယ်ကမ်းခြေ အနီးတွင် ပင်လယ်ပြင်၌ လှိုင်းလေပြင်းသောကြောင့် အလုပ်မလုပ်နိုင်သည့်အတွက် တနင်္သာရီဘက်မှ ကမ်းဝေးငါးဖမ်း ရေယာဉ်များ ဒီဇင်ဘာ ၁၅ ရက်ခန့်မှစ၍ စုရုံးရောက်ရှိလာကာ ကျောက်ချရပ်နားလျက်ရှိကြောင်း သိရှိရသည်။
ယခုရက်ပိုင်းတွင် ဘင်္ဂလာပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ဖီထိုင်း (PHETHAI) ၏ အရှိန်ကြောင့် ပင်လယ်ပြင်တွင် လှိုင်းလေပြင်းနေသည့်အတွက် ဒေသအခေါ် (ဒုံး) တနင်္သာရီကမ်းဝေး ငါးဖမ်းရေယာဉ်များ လာရောက်ခိုလှုံနေကြခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြေသည်။
ဘန်းဘွေးကျေးရွာအနီး ပင်လယ်ကမ်းခြေသည် ကမ်းတက်ကောင်းမွန်သည့်အပြင် ပင်လယ်ပြင်မှ ငါးဖမ်းရေယာဉ်များနှင့် ပင်လယ်ထွက် ငါး၊ ပုစွန်များကို အရောင်းအဝယ် ပြုလုပ်ကြသည့် နေရာလည်း ဖြစ်သည့်အတွက် ပွင့်လင်းရာသီရောက်ရှိလာပါက အလွန်စည်ကားသည်။
ရေလုပ်သား တိုင်းရင်းသား လူမျိုးစုံဖြင့် စည်ကားနေတတ်သည့် အတွက် ဘန့်ဘွေးမူဆယ် ဟုပင် ဒေသခံများက တင်စားခေါ်ဝေါ်ကြသည်။ ပင်လယ်ပြင်၌ ရာသီဥတု ဆိုးရွားလာပါက ယခုကဲ့သို့ပင် ငါးဖမ်း ရေယာဉ်များ စုရုံးရောက်ရှိလာတတ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)