မန္တလေးမြို့တွင် တစ်လမ်းမောင်းသတ်မှတ်ထားသည့် နေရာအချို့ကို မကြာခင်မှာ နှစ်လမ်းမောင်းအဖြစ် ပြန်လည် သတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

 

မန္တလေးမြို့တွင်းတွင် ယခင်က တစ်လမ်းမောင်းသတ်မှတ်ထားသည့် ၈၁ လမ်း ၊  ၈၂ လမ်း ၊ ၈၃လမ်းတို့ကို ၂၆ မှ ၃၅ လမ်းကြားအထိ ၊ ၂၆ နှင့်၂၈ ကြား ၈၄ လမ်း ၊ ၃၆ လမ်း ၊ ၃၇ လမ်း ၊ ၃၉ လမ်း ၊ လမ်း ၄၀ တို့အား ၇၈ မှ လမ်း ၈၀ ကြား အထိ ၊  ၄၂လမ်းနှင့် မဟာမုနိအရှေ့မုခ်ကြားရှိ ၈၁ လမ်း ၊  ၈၂ နှင့် ၈၄ လမ်းကြားရှိ ၄၂ လမ်းတို့အား ယခုအခါ နှစ်လမ်းမောင်းပြန်လည် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

 

‘အရင်က ၈၁ လမ်း ၊ ၈၂ လမ်း ၊ ၈၃ လမ်းတွေကို တစ်လမ်းမောင်းလုပ်ခဲ့တုန်းက လမ်းတွေက ပေ ၃၀ ကျော်ပဲရှိခဲ့ တာပါ။ အခုလမ်းတွေချဲ့ပြီးတော့ ပေ ၅၀ ကျော် ရှိလာလို့ လမ်း ၈၀ ၈၄ လမ်းတွေနဲ့ လမ်းအကျယ် အတူတူနီးပါးရှိနေပါပြီ၊ ယာဉ်ကြောကျပ်တည်းမှု မရှိအောင်လည်း ဆောင်ရွက်မှာပါ’ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

အများပြည်သူ သွားလာရေးအဆင်ပြေစေရေန် နှစ်လမ်းမောင်းပြန်လည်သတ်မှတ်ခြင်းအပြင် အချို့နေရာများတွင် အာရုံခံစနစ်ပါဝင်သည့် မီးပွိုင့်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကားပါကင်များ စနစ်တကျ သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ၊ လမ်း ၊ ပလက်ဖောင်းနှင့် မြောင်းများတွင် ကျူးကျော်ကာ ဆောက်လုပ်ထားမှုများလည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ကျန်ရှိသည့် တစ်လမ်းမောင်းသတ်မှတ်ထားရာ လမ်းများကို ပြန်လည်စိစစ်ကာ နှစ်လမ်းမောင်း အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

‘ နောက်ထပ် တစ်လမ်းမောင်းလုပ်ထားတဲ့ လမ်းတွေကို လိုက်ပြီးလေ့လာနေတယ်။ လိုအပ် သလား။ မလိုအပ်ဘူးလား။  တစ်လမ်းမောင်းတွေ ပြန်ပြီးစိစစ်နေတယ်။ မလိုအပ်ပဲလုပ်ထားတာ သွားရေး လာရေးမှာ အနှောက်အယှက်ဖြစ်တယ် ဆိုရင် ပြန်ပြီးတော့ ပြင်ဆင်ရပါမယ်’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။ 

 

 နှစ်လမ်းမောင်း ပြန်လည်သတ်မှတ်ရန် အတွက် ပြင်ဆင်ဆောင်ရွက်နေပြီး နှစ်လမ်းလမ်းမောင်း သတ်မှတ်သည့် အချိန်မတိုင်မီ တစ်ပတ်ခန့်အလိုမှာ ကြေငြာမည်ဖြစ်ကြောင်း သိရသည်။ 

 

‘မစခင် တစ်ပတ်လောက်ကစပြီး ကြေညာမှာပါ။ တပြိုင်နက်မလုပ်ပဲ phase by phase လုပ်မှာပါ။ စလုပ်မဲ့နေ့ ယာဉ်ထိန်း၊ စည်ပင်၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ လုပ်အားပေးလိုတဲ့ volunteers တွေနဲ့ ၃ ရက်လောက် ကြီးကြပ်ပေးသွားဖို့စဉ်းစားထားပါတယ်’ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

 

အိမို့မို့ခိုင်