၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၉ခု စုစုပေါင်း ၂၇ ခုဖြင့် လုပ်ကိုင်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၏ ပြောကြားချက်အရ သိရသည်။
 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဝင်းယူနတီဟိုတယ် အစည်းအဝေးခန်းမတွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ပိုင်းတွင် ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး၏ သဘာဝခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
 
'' သဘာဝအရင်းအမြစ်တွေဆိုတာက ဘယ်အချိန်မဆို ထုတ်ယူသုံးစွဲလို့ရတယ်၊ ဒါကြောင့် ယခုအချိန်မှာ စီးပွားရေးပုံစံပြောင်းလာတဲ့အတွက် မူဝဒသစ်တွေချမှတ်ပြီး သဘာဝအရင်းအမြစ်တွေကို အလွန်အကျွံ ထုတ်တာတွေ၊ သစ်တောတွေခုတ်ယူသုံးစွဲတာတွေ ကန့်သတ်ပြီး အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတဲ့ စီးပွားရေးလုပ်ငန်းတွေ အားမပေးဘူး၊ အခုလိုလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပြုခဲ့တာပါ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ ပြည်ထောင်စုအဆင့်နဲ့ ချိတ်ဆက်လုပ်ကိုင်ကြတဲ့တဲ့ လုပ်ငန်းတွေရှိသလို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်တဲ့ လုပ်ငန်းတွေလည်းရှိပါတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦးက ပြောသည်။
 
 
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမေရိကန် ဒေါ်လာ (၂၇.၇၆၁)သန်းတန်ဘိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၈)ခုအားလည်းကောင်း၊ မြန်မာငွေကျပ် (၄၅၉၆၃.ဝ၉၇)သန်း တန်ဖိုးရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု(၁၉)ခုကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
 
 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ အမေရိကန် ဒေါ်လာ (၂၇၅ဝ.၃၄၅) သန်း တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(၁၁)ခုအားလည်းကောင်း၊ မြန်မာငွေကျပ် (၁၂၄၅၂၅.၈၂)သန်းတန်ဖိုးရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု (၂၃)ခုအားလည်းကောင်း လုပ်ဆောင်ခွင့်ပြုထား ခဲ့ကြောင်း သိရသည်။
 
 
ဝင်းဦး(ဇေယျာတိုင်း)