ကိုလင်း

စာရေးဆရာကြီး မင်းသိင်္ခ ရေးသားဖန်တီးခဲ့သော စနေမောင်မောင် ဝတ္ထုဇာတ်လမ်းနှင့် ဇာတ်ကောင်များကို Golden Hour Entertainment က ရုပ်ရှင်အဖြစ် ရိုက်ကူးထုတ်လုပ်ရန် မူပိုင်ခွင့် ဝယ်ယူခဲ့ကြောင်းသိရသည်။ အဆိုပါ ဝတ္ထုများကို ရေးသားခဲ့သော ဆရာကြီးမင်းသိင်္ခ၏ စာပေမူပိုင်ခွင့်ကို ရရှိထားသူ ညီမဖြစ်သူ ဒေါ်သန်းနုအောင်ထံမှ Golden Hour Entertainment  မှ ကိုကောင်းကျော်က ဝယ်ယူလိုက်ခြင်းဖြစ် ကြောင်းသိရသည်။

ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာသီဟစိုးက “ကျွန်တော့်အနေနဲ့ စနေမောင်မောင် အပါအဝင် ဝတ္ထုတွေအကုန်လုံးထဲက ဇာတ်ကောင်တွေကို သေချာရိုက်ကူးသွားမှာပါ၊ ပထမဆုံး ဇာတ်ကားကတော့ ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင် ဆိုတဲ့ကားကို အရင်ရိုက်မှာပါ၊ စာဖတ်တဲ့သူတွေတော့ အကုန်သိကြပါတယ်၊ ဝတ္ထုထဲမှာတော့ သူတို့က မဆုံဖြစ်ကြပါဘူး၊ ကျွန်တော်တို့က ဇာတ်လမ်းတစ်ခုထဲမှာ ဆုံပေးချင်လို့ပါ၊ အဲဒါကြောင့် ဆရာ့ရဲ့ ဝတ္ထုတွေကို သက်ဆိုင်သူတွေဆီက ခွင့်ပြုချက်ယူပြီး ရိုက်တာပါ၊ ဆရာ့ရဲ့ ဝတ္ထုတွေက ဟိုတုန်းကတည်းက နာမည်ကြီး အနုပညာရှင်တွေ ရိုက်ခဲ့ဖူးတာမျိုး ရှိပါတယ်၊ ဦးညွှန့်ဝင်းနဲ့ ဒေါ်ဆွေဇင်ထိုက်တို့ ရိုက်ခဲ့ဖူးတယ်ဗျာ၊ နောက်ပိုင်းလဲ ဝတ္ထုကိုအခြေခံပြီး ရိုက်တာမျိုးတွေ ရှိကြပါတယ်၊ ကျွန်တော် ဒီကားကို ပြန်ရိုက်မယ်ဆိုတော့ သေချာစဉ်းစားရတယ်၊ ဝတ္ထုရဲ့ ခေတ်အနေအထားက လွတ်လပ်ရေး မရခင်ကဆိုတော့ ပုံစံတွေကအစ သေချာလေ့လာရမယ်၊ အဲဒီတော့ တာဝန်က အင်မတန်ကြီးတာတွေ့ရပါတယ်၊ ရုပ်ရှင်တစ်ခုမှာ အဓိက အရေးကြီးတာ ဇာတ်ညွှန်းဖြစ်နေတော့ အဲဒါကိုလည်း ကျွန်တော်တို့ သေချာဂရုစိုက်ပြီး လုပ်ကြမှာပါ”ဟု ပြောသည်။

အဆိုပါဇာတ်ကားအတွက် ဇာတ်ကောင်များအနေဖြင့် သရုပ်ဆောင် နိုင်းနိုင်း၊ ဒေါင်းနှင့် အောင်မြင့်မြတ်တို့ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။ ယခုရိုက်ကူးမည့်ဇာတ်ကားသည် Golden Hour ထုတ်လုပ်ရေးအနေဖြင့် သရုပ်ဆောင် နိုင်းနိုင်းနှင့် ခြောက်ကားမြောက် ရိုက်ကူးသော ဇာတ်ကားဖြစ်ကာ ဒေါင်းနှင့်နှစ်ကားမြောက် ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အောင်မြင့်မြတ်နှင့်မူ ပထမဆုံး ရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာ သီဟစိုးအနေဖြင့်လည်း Golden Hour  ရုပ်ရှင်ထုတ်လုပ်ရေးအတွက် သမုဒယနွယ် ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ပြီးဖြစ်ရာ ယခုရိုက်ကူးမည့် ဆားပုလင်းနှင်းမောင်နှင့် စနေမောင်မောင် ဇာတ်ကားမှာ ဒါရိုက်တာ သီဟစိုးနှင့် Golden Hour ရုပ်ရှင်ထုတ်လုပ်ရေးတို့ ဒုတိယမြောက် တွဲဖက်ရိုက်ကူးသည့်ကားဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း