၉ မေ
မြန်မာနိုင်ငံတွင် ရှေးအခါကပင် သံခေတ်ကိုဖြတ်သန်းခဲ့ပြီး သံချက်ဖိုများဖြင့် သံသတ္တုကိုထုတ်လုပ်ကာ ပန်းပဲပညာဖြင့် လက်နက်ကိရိယာပစ္စည်းများ ထုတ်လုပ်ခဲ့ကြသည်။ နိုင်ငံကာကွယ်ရေးအတွက်လည်း ပန်းပဲပညာဖြင့် ဓား၊ လှံလက်နက်များကို ထုတ်လုပ်အသုံးပြုခဲ့ကြသည်။ မြန်မာ့ရိုးရာလက်မှုပညာ ပန်း ၁၀ မျိုးထဲမှ ပန်းပဲပညာအစွမ်းဖြင့် လိုရာသုံး ဓားကောင်းတစ်လက် ထွက်ရှိလာပုံကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ပန်းပဲရွာရှိ ပန်းပဲပညာရှင် ဦးအောင်စီ၏ သားတပည့် ပန်းပဲပညာရှင် ဦးထွန်းမြိုင် (စီ-ဓားပန်းပဲဖို) သို့ သွားရောက်မှတ်တမ်းပြုခဲ့ပါသည်။
ဓားကောင်းတစ်လက်ဖြစ်ရန်အတွက် မော်တော်ကား အောက်ပိုင်းရှိ လေးသံကို ကုန်ကြမ်းအဖြစ် အသုံးပြုသည်။ ပန်းပဲပညာရှင်က ဓားပြုလုပ်မည့် အရွယ်အစားကို အမှတ်အသားပြုလုပ်၍ ဖိုအတွင်းသို့ မီးအပူပေးကာ ဓားပုံကြမ်းထွက် အောင် ဖိုမင်ဆရာက ပေပေါ်ရှိ ဓားကို အလယ်က ကိုင်ပေးပြီး ဘယ် ညာ လူနှစ်ဦးနှင့် ဓားပုံကြမ်းဖြစ်အောင် ဦးစွာထုလုပ်ရ ပါသည်။
ထို့နောက် ဖိုမင်ဆရာက လိုချင်သည့် ဓားပုံအနေအထား အကွေးအကောက် အဖြောင့်ကို လိုသလိုပြုပြင်ကာ အချော ပြုလုပ်ရသည်။ ထိုမှတစ်ဆင့် ဂိုက်ဆွဲဆရာထံသို့ ဓားပုံကြမ်းကို သံချေးခွာရပြီး ဓားအသွား ညီညာဖြောင့်တန်းအောင် တံစဉ်းဖြင့် ပွတ်တိုက်ညှိယူရသည်။
ပန်းပဲပညာရှင်က ဓားအရည်အသွေးကို စစ်ဆေးပြီး တံစဉ်းဖြင့် ပွတ်တိုက်ညှိယူထားသည့်နေရာကို မြေဆီနှင့် ပွတ်ကာ အမာကြောတင်ပေးပြီး ရေနှင့်ဆေးခြင်းကို ပြုလုပ်ရသည်။ ထိုအချိန်တွင် အပူနှင့် အအေးတွေ့သည့်အတွက် ရုန်းကန်သည့် ဓာတ်ရှိသောကြောင့် အနည်းအကျဉ်း ကောက်တတ်၍ ပန်းပဲဆရာက လိုသလိုပြန်ဖြောင့်ယူမှသာ ဓားသွေးသူက အဆင်ပြေချောမွေ့စွာ သွေးပြီး ဓားကောင်းတစ်လက် ရရှိမည်ဖြစ်သည်။
ဓားမျိုးစုံကို ယခုပုံစံနည်းတူ ပြုလုပ်ကြရပြီး ဓားအမျိုးမျိုးတွင် ကိုင်းခုတ်ဓား၊ တောင်ယာခုတ်ဓား၊ ငှက်ကြီးတောင်၊ ငါးဖယ်ခုံးဓားမြှောင်၊ ကတ်ကြေးတို့ကို ပြုလုပ်လျက်ရှိသည်။
ယခင် ပန်းပဲပြုလုပ်ရာတွင် လူလေးဦးစုံမှ ပြုလုပ်၍ရကာ တိုးတက်လာသည့်ခေတ်တွင် လက်လုပ်ဖိုအစား လျှပ်စစ်မော်တာ လေမှုတ်စက်များကို အသုံးပြုလာကြပြီး ဂိုက်ကိုအသုံး မပြုတော့ဘဲ ကျောက်သွေးစက်ဖြင့် အကြမ်းသွေးယူကြသည်။ အဆင့်ဆင့်ပြုလုပ်ပြီး သွေးယူရန်နှင့် ဓားရိုးတပ်ရန်သာ ကျန်ရှိသည့်ဓားများကို ဈေးကွက်အတွင်း တင်ပို့ရောင်းချကြပြီး ဓားရိုးများကိုလည်း မိမိတို့စိတ်ကြိုက် ဓားရိုးများဖြင့် တပ်ဆင်အသုံး ပြုနိုင်ကြောင်း သိရသည်။
သူရ(တောင်ငူ)