ဖားကန့် ၉ မေ 


ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဥရုချောင်းဘေးတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် မေ ၃ ရက် ညနေပိုင်းက နာရီဝက်ခန့်မိုးရွာသွန်းစဉ်အတွင်း အရှည်ပေ (၃၀)ခန့်ရှိသည့် အမှိုက်ပုံကြီးသည် မိုးရေနှင့်အတူ ချောင်းအတွင်း စီးဝင်မျောပါခဲ့မှု ဖြစ်သွားခဲ့သည့် ဖြစ်စဉ်အပြင် ပတ်ဝန်းကျင် ထိခိုက်မှုဖြစ်စဉ်များ ရှိလာနိုင်သဖြင့် ချောင်းအတွင်း စည်းကမ်းမဲ့အမှိုက်များ မစွန့်ပစ်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ပညာပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

 

1

 


ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ ဥရုချောင်းအတွင်း နှစ်ရှည်လများ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများက မြို့၏ပုံရိပ်နှင့် ရေသယံဇာတများစွာ ပျက်စီးစေနိုင်မှုကြောင့် စနစ်တကျပြုပြင်ရန် အရေးတကြီး လိုအပ်နေကြောင်း ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူအချို့ကလည်း ပြောကြားသည်။


“ဥရုချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုက ရေမှာရှိတဲ့ မျိုးကွဲဇီဝ (Biodiversity) သေဆုံးသွားနိုင်တယ်။ အဲဒီတော့  ရေအရင်းအမြစ် ဆုံးရှုံးမယ်၊ ရေအသုံးပြုတဲ့လူတွေမှာ ကျောက်ကပ်၊ သည်းချေ၊ နှလုံးထိခိုက်မှုရှိလာနိုင်သလို အရေပြားကင်ဆာလို ရောဂါဆိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဒါ့အပြင် ရေကို အမှီပြုနေထိုင်တဲ့ ကုန်းနေ၊ ရေနေ၊ သတ္တဝါအားလုံး ထိခိုက်မှုရှိလာမယ်” ဟု ချောင်းအတွင်း အမှိုက် စွန့်ပစ်မှုကြောင့် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများအား ဖားကန့်မြို့သို့ ရောက်ရှိနေသည့် ကချင်ပြည်နယ် ရေအရင်းအမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဦးလကျုံဟောင်းခေါင်က ရှင်းပြသည်။


မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးကျော်လင်း၏ပြောကြားချက်အရ စည်ပင်သာယာ ဝန်ထမ်း (၆၆)ဦးနှင့်အတူ အမှိုက်သိမ်းယာဉ် ကိုးစီးဖြင့် မြို့ပေါ်ရှိ ရပ်ကွက်ငါးခုနှင့် ဆိပ်မူကျေးရွာ၊ လုံးခင်းကျေးရွာတို့တွင် တစ်နေ့သုံးကြိမ် လှည့်လည်အမှိုက်သိမ်းပြီး မြို့နှင့် နှစ်မိုင်ခန့်အကွာ မော်ဝမ်းရပ်ကွက်ရှိ အမှိုက် စွန့်ပစ်သည့် နေရာတွင် စနစ်တကျ စွန့်ပစ်လျက်ရှိကြောင်း သိရသည်။


“နေ့စဉ်အမှိုက်တန်ချိန် (၂၇) တန်ဝန်ကျင် ကျွန်တော်တို့ သိမ်းဆည်းရပါတယ်။ ဒါပေမယ့် အချို့ ပြည်သူတွေက သတ်မှတ်တဲ့နေရာမှာ စနစ်တကျ စွန့်ပစ်ပေးပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင် စေလိုပါတယ် ကျွန်တော်တို့ဌာနကတော့ ပြည်သူကို အသိပညာပေး ဟောပြောတာတွေ၊ လက်ကမ်း စာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားသည်။


မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၇ခုနှစ် ထုတ်ပြန်သော ဒေသဆိုင်ရာ အချက်အလက်များအရ မြို့နယ်အတွင်း လူဦးရေ သုံးသိန်းကျော်ခန့်ရှိကြောင်း သိရသည်။ ဥရုချောင်းသည် ဖားကန့်မြို့နယ် ကံဆီးဒေသ လမာဘွမ်တွင် မြစ်ဖျားခဲစီးဆင်းလာကာ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်သည့် ရေမိုင်(၁၂၀)ခန့် ရှည်လျားသော ချောင်း ဖြစ်ပြီး မြို့နယ်အတွင်း လူဦးရေအများစုမှာ ဥရုချောင်းနှင့် ချောင်းလက်တက်များ တလျောက် မှီတင်းနေထိုင်ကြသည့်အတွက် အမှိုက်များ ဥရုချောင်းဘေးတစ်လျောက် စုပုံနေရခြင်းလည်းဖြစ်သည်။


မြို့နယ်အတွင်း (Green Land) ဂရင်းလန်းအဖွဲ့ကဲ့သို့ အခြားလူမှုရေး အသင်းအဖွဲ့များ အနေဖြင့်လည်း ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ ရံဖန်ရံခါသာ ချောင်းဘေးတစ်လျောက် အမှိုက်ကောက်ယူခြင်းများ ဆောင်ရွက်နိုင်ကြသည့်အတွက် နေ့စဉ်ထွက်ရှိ အမှိုက်များအား အပြည့်အဝ ရှင်းလင်းနိုင်ခြင်း မရှိသေးသည်ကိုလည်း မြင်တွေ့ရသည်။


ပရဟိတ လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရှရော်ခကျေးရွာမှ လူငယ်အဖွဲ့သည် ကျေးရွာ သန့်ရှင်းသာယာ လှပရေးအတွက် အလှူခံရရှိသည့် ငွေကျပ်သိန်း (၂၃၀)တန် အမှိုက်သိမ်း မော်တော်ယာဉ် တစ်စီးဖြင့် ချောင်းမြောင်းများအတွင်း အမှိုက်မစွန့်ပစ်ရေးအတွက် ကိုယ်ထူကိုယ်ထလှုပ်ရှားမှု ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဒေသခံများ ပူပေါင်းလှုပ်ရှားမှုများ တိုးတက်လာခဲ့ကြောင်း သိရသည်။


“ရေအရင်းအမြစ်နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစနစ်၊ စည်ပင်သာယာရေး စီမံခန့်ခွဲမှုတွေ အနည်းငယ် တိမ်းစောင်းနေမယ်ဆိုရင်တော့ အခုလို ရေသယံဇာတအပါအဝင် အခြားအခြားသော သယံဇာတတွေဟာ ဆုံးရှုံးမှုတွေ ဖြစ်လာနေဦးမှာပါပဲ”ဟု ဒေသခံတစ်ဦးကလည်း ဒေသနှင့်ပတ်သက်၍ ဖြစ်ပျက် သမျှအပေါ် သုံးသပ်ရင်း သူ့အမြင်ကို မှတ်ချက်ပြုသည်။ 


တာလင်းမောင်(IPRD)