မောင်ခင်မင် (ဓနုဖြူ)
“ဆရာကြီး၊ နေကောင်းရဲ့လား”
“ဪ....တက္ကသိုလ်က မြန်မာစာ ဆရာမ ကလေးပါလား။ သမီး နယ်တက္ကသိုလ်တစ်ခုမှာ တာဝန် ကျနေတယ် ကြားပါတယ်”
“ဟုတ်ပါတယ် ဆရာကြီး။ အခုကျောင်းပိတ်ရက် အိမ်ပြန်လာတာပါ။ ဆရာကြီးကို ကန်တော့ချင်လို့ပါ။ ပြီးတော့ သမီးဖေ့စ်ဘွတ်မှာတွေ့တဲ့ ပြဿနာတစ်ခုကိုလည်း တင်ပြချင်လို့ပါ”
“ဟုတ်ပါပြီ။ ဘယ်လိုပြဿနာလဲသမီးရဲ့”
“ဟိုတစ်နေ့ကပဲ တွေ့လိုက်ပါတယ်။ ဖေ့စ်ဘွတ် တင်တဲ့တစ်ယောက်က ‘ဘယ်ဟာမှန်သလဲ’ ဆိုပြီး သင်ရိုးအဖွဲ့ကို ဦးတည်မေးထားတာပါ ဆရာကြီး။ သူက ‘တုရင်တောင်၊ တုရင်းတောင်၊ တူးရွင်းတောင်’ ဆိုတဲ့ စာလုံးသုံးလုံး ဘယ်ဟာမှန်သလဲတဲ့”
“ဪ”
“ဒါတင်မကဘူး ဆရာကြီး။ သူက ဆိုင်းဘုတ်ကြီး တစ်ခုမှာ ‘တူးရွင်းတောင်’ လို့ ရေးထားတာကိုလည်း ဓာတ်ပုံရိုက်ပြတယ်။ ကျောင်းသုံးစာအုပ်မှာ ‘တုရင် တောင်’ လို့ ရေးထားတာလည်းပြတယ်။ ပြီးတော့ ဘယ်ဟာမှန်သလဲလို့မေးရင်း သင်ရိုးအဖွဲ့ကို မကျေ မနပ်နဲ့အပြစ်တင်ထားတယ်။ ဆိုးတာက ဆဲသံ ဆိုသံ တောင်ပါတယ်။ ရေးပုံကလည်း ရင့်ရင့်သီးသီးပဲ။ ‘နှစ်မျိုးကွဲနေတာခင်ဗျားတို့ သင်ရိုးအဖွဲ့က ဘယ်ဟာ မှန်တယ်လို့ ဘာဖြစ်လို့ တိတိကျကျမပြောတာလဲ’ လို့ အပြစ်တင်ချင်ပုံပဲ ဆရာကြီး”
“အဲဒါ ခက်တာပေါ့ သမီးရယ်။ တချို့လူတွေက အဲဒီဖေ့စ်ဘွတ်သမားလိုပဲ မူကွဲနှစ်မျိုးတွေ့ ပြီဆိုတာနဲ့ တစ်ခုမှန်ပြီးတစ်ခုမှား ရမယ်လို့ လှေနံဓားထစ် ဆုံးဖြတ် လိုက်ကြတော့တာပဲ။ ပြီးတော့ ဘယ်ဟာမှန်သလဲ၊ ဘယ်ဟာမှားသလဲ၊ ကျွန်တော်တို့က ဘယ်ဟာကို အမှန်လို့ယူရမှာလဲဆိုတာမျိုး ပြဿနာလုပ်တော့ တာပဲလေ”
“ဟုတ်ပါတယ် ဆရာကြီး။ တခြားသူတွေက မူအမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိတယ်ဆိုတာ ရှင်းပြ ကြတာလည်း တွေ့ပါတယ်”
“အေးပေါ့။ အဲဒီလိုမူကွဲ နှစ်မျိုး၊ သုံးမျိုးတွေ့ရင် အားလုံးမှန်နိုင်တယ်ဆိုတာမျိုး မစဉ်းစားဘဲ တစ်ခုပဲ အမှန်ဖြစ်ရမယ်လို့ လှေနံဓားထစ် စဉ်းစားတာဟာ... အလွတ်ကျက်တဲ့စနစ်ရဲ့ ဆိုးကျိုးတစ်ခုပဲလို့ ဆရာထင် တယ်။ စာကို ပုံသေအလွတ်ကျက်ပြီး ကျက်ထား တာကိုပဲ အမှန်လို့ယူဆတဲ့အကျင့်က ငယ်ငယ်ကတည်း က ပါလာကြတာလေ။ အမှန်ဆိုတာ တစ်ခုမက ရှိနိုင်တယ်ဆိုတဲ့ အသိမျိုးမရှိရင် အဲဒီပြဿနာမျိုးရှိမှာပဲလေ။ ပိုဆိုးတာက သမီးပြောသလို ရိုင်းရိုင်းစိုင်းစိုင်း တွေပါ ပြောတာမျိုးတော့ မသင့်တော်ဘူးပေါ့ကွယ်။ ကဲ ... ထားပါတော့။ သမီးက အဲဒီမူကွဲတွေအကြောင်း သိချင်တယ်ဆိုပါတော”
“ဟုတ်ပါတယ် ဆရာကြီး”
“ပညာရှင်တွေ ရှင်းလင်းဖွင့်ဆိုထားတာတွေ ရှိပါတယ်ကွယ်။ ပုဂံမြို့မှာရှိတဲ့ အဲဒီတောင်ကို အခု ခေတ်မှာ ‘တူးရွင်းတောင်’ လို့ ခေါ်ကြတယ်။ ဒါကြောင့် ဆိုင်းဘုတ်မှာ အဲဒီလိုရေးတာပေါ့။ ပုဂံခေတ် တုန်းကတော့ ‘တုရင်တောင်’ လို့ ကျောက်စာတွေထဲမှာ ရေးတယ်ကွဲ့”
“ဟုတ်ကဲ့ပါ”
“တုရင်ရဲ့ အရင်းအမြစ်စကားက ‘တောရဏ’ ဆိုတဲ့ ပါဠိစကားပဲ။ သမီးတို့ကိုးကားနေတဲ့ ဆရာကြီး ဦးဟုတ်စိန်ရဲ့ ပါဠိ-မြန်မာ အဘိဓာန်မှာ တောရဏကို ‘တံခါးအုံ၊ တုရိုဏ်တိုင်’ လို့ ဖွင့်တယ်”
“ဟုတ်ကဲ့ပါ”
“ဆရာကြီးဦးထွန်းမြင့်ရဲ့ ပါဠိဝေါဟာအရ အဘိဓာန်မှာတော့ အဲဒီ တုရိုဏ်ကို တုရိုဏ်(တိုင်)လို့ နောက်က ‘တိုင်’ လို့ ကွင်းကလေးနဲ့ပြပြီး ‘တံခါးတိုင်’ လို့ ဖွင့်တယ်။ ‘တုရိုဏ်’ ကို ‘တုရိုင်’ လို့လည်း ရေးကြောင်းဖော်ပြတယ်။ အဲဒီ ‘တုရိုင်’ ကနေပြီး ‘တုရင်’ လို့ ပြောင်းလာတာပေါ့ကွယ်”
“မှတ်သားထားပါ့မယ် ဆရာကြီး”
“ဆရာကြီး ဦးဟုတ်စိန်က တောရဏကို ‘တံခါး အုံ’ လို့ ဖွင့်သလို ဆရာကြီး ဦးဖိုးလတ်က မြန်မာစကား အဖွင့်ကျမ်းမှာ ‘တံခါးလုံး’ လို့ ဖွင့်တယ်။ တံခါးတိုင် နှစ်တိုင်နဲ့ အပေါ်က ဆက်သွယ်ထားတဲ့ တန်းကိုပါ ဆိုလိုတာမို့ ‘တံခါးလုံး’လို့ ဖွင့်တာပဲ။ ပြီးတော့ အဲဒီ ‘တုရင်’ ကလည်း ‘ဒုရင်’၊ ‘တုယင်’ ၊ ‘ဒုယင်’ လို့ အမျိုးမျိုး မူကွဲပုံကို အထောက်အထားတွေနဲ့ ပြထားတယ်။ ဆိုလိုတာက စကားလုံးတစ်လုံးရဲ့ အရင်းအမြစ်ကို ပညာရှင်တွေ ခြေခြေမြစ်မြစ် သုတေသနပြုကြတာကို သိဖို့ပါ”
“ဪ.... ဟုတ်ကဲ့ပါ”
“အဲဒီလို မူကွဲတွေရှိနေရင် တချို့က ‘ဟာ... မှတ်ရတာရှုပ်တယ် တစ်မျိုးပဲထားရင်ကောင်းတာပေါ့’ လို့ လူပြိန်းအတွေးနဲ့ လွယ်လွယ်ပြောတတ်ကြတယ်။ ပညာရပ်တစ်ခုကို ခြေခြေမြစ်မြစ် လေ့လာပြီဆိုရင် အဲဒီလို ပုံသေကားကျ၊ လှေနံဓားထစ်ပြောလို့ မရဘူးလေ”
“ဟုတ်ကဲ့ပါ”
“သမီးရေလည်အောင် ရှင်းပြတာပါ။ နည်းနည်း တောင်ရှည်သွားပြီ။ ဒီတော့ အဲဒီ ‘တုရင်တောင်’ ဟာ ပုဂံမြို့ရဲ့ တုရိုင်တိုင်သဖွယ်၊ တံခါးတိုင်သဖွယ် တည်ရှိ နေတဲ့တောင်မို့ ‘တုရင်တောင်’လို့ ပုဂံခေတ်က ခေါ်ခဲ့ကြတာလေ။ နောက်ခေတ်တွေကျတော့ ‘တုရင်းတောင်’ လို့လည်းခေါ်တယ်။ တူးရွင်းနဲ့ အသံချင်းနီးစပ်လို့ ‘တူးရွင်းတောင်’ လို့ အခုခေတ်မှာ ခေါ်တာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ခုခေတ်မှာ ‘တူးရွင်းတောင်’ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီးကို မြင်လိုက်တာနဲ့ပဲ ကျောင်းသုံးစာအုပ်ထဲက ‘တုရင်တောင်’ ကို မှားတယ်လို့ ထင်တာမျိုး၊ ‘ဘယ်ဟာမှန်သလဲ’ လို့ ပြဿနာရှာတာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။ ဒီလိုဆိုရင် သမီးကို ဆရာတစ်ခု မေးမယ်”
“ဟုတ်ကဲ့ပါ”
“’အမိရယ်၊ မိခင်ရယ်၊ အမေရယ်၊ မအေရယ်’ ဘယ်ဟာက အမှန်လဲလို့ မေးရင် သမီးဘယ်လိုဖြေ မလဲ”
“ဟာ...ဆရာကြီး၊ ဒီစကားလုံးတွေ အားလုံးက အမေကို ခေါ်တဲ့စကားလုံးတွေချည်းပဲဆိုတော့ အားလုံး မှန်တယ်ထင်ပါတယ်”
“ဟုတ်ပါတယ်။ ခေတ်အရ၊ နေရာဒေသအရ၊ စာသုံးနဲ့ အပြောသုံး ကွဲပုံအရ အမျိုးမျိုး ခေါ်ကြတာလေ။ အားလုံးမှန်ပါတယ်။ အမေက မှန်တယ်၊ မအေက မှားတယ်ဆိုတာမျိုး ငြင်းလို့မရဘူးလေ”
“နားလည်ပါပြီ ဆရာကြီး”
“မနေ့ကပဲ အစည်းအဝေးတစ်ခုမှာ ကြားခဲ့သေးတယ်။ ဒီနေ့သတင်းစာတွေထဲမှာပါလေ့ရှိတဲ့ ‘သံဃ မဟာနာယကအဖွဲ့’ ဆိုတဲ့အသုံးမှာ ‘သံဃ’ လို့ရေးပြီး ‘ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့’ ကျတော့ ‘သံဃာ့’လို့ ရေးတာတွေ့ပါတယ်။ ဘယ်ဟာမှန်ပါသလဲလို့ မေးတော့ သာသနာရေးဌာနက ပါဠိပညာရှင်တစ်ယောက်က သေသေချာချာ ရှင်းပြတယ”
“ဟုတ်ကဲ့၊ ဘယ်လိုကွာပါသလဲဆရာကြီး”
“သမီး သေသေချာချာ မှတ်ထားနော်။ ‘သံဃာ’ ဆိုတဲ့စကားလုံးက ပါဠိစကားလုံးစစ်စစ်မဟုတ်ဘူး။ ပါဠိက ‘သံဃ’ ပဲ။ ဘုရားရှင်ရဲ့ တပည့်သားရဟန်းကို ခေါ်တာ။ အဲဒီ ‘သံဃ’ ကို မြန်မာက မွေးစားယူလိုက်တော့ အသံတိုကို အသံရှည်ပြောင်းပြီး ‘သံဃာ’ လို့ ယူလိုက်တာပဲ။ အဲဒီလိုပဲ ‘ခန္ဓ’ ကို ‘ခန္ဓာ’၊ ‘သာသန’ ကို ‘သာသနာ’၊ ‘ဂေဟ’ ကို ‘ဂေဟာ’ ဆိုတာမျိုး အသံ ရှည်ပြောင်းပြီး မွေးစားတာတွေ အများကြီးပဲ။ မြင်သာအောင် ပြောရင်တော့ ‘သံဃ’ ကို ရေးချထည့် ပြီး ‘သံဃာ’ လုပ်လိုက်တာပေါ့။ ‘သံဃ’ က ပါဠိစစ်စစ်၊ ‘သံဃာ’ က မြန်မာက မွေးစားထားတဲ့ ပါဠိသက် ဝေါဟာရလို့ ခေါ်တာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ ခုနပြောတဲ့ စကားတွေကိုကြည့်ရင် ‘သံဃမဟာနာယက’ ဆိုတာက အားလုံးပါဠိစကား စစ်စစ်တွေချည်းပဲ ဆိုတော့ ‘သံဃ’ လို့သုံးတာပေါ့။ ‘ဗဟိုသံဃာ့ဝန်ဆောင်’ ကျတော့ မြန်မာလိုသုံးတာလေ။ ‘ဝန်ဆောင်’ ဆိုတာ ကြည့်ပါလား။ ပါဠိစကားမှ မဟုတ်တာ။ ဒီတော့ မြန်မာက မွေးစားယူထားတဲ့ ‘သံဃာ’ ကိုယူမှ ဆီလျော်မှာပေါ့။ ‘သံဃာ၏’ လို့ အဓိပ္ပာယ် ရအောင် အောက်မြစ်ထည့်ပြီး ‘သံဃာ့’ လို့ သုံးလိုက် တာလေ”
“ဆရာကြီးရှင်းပြမှ သဘောပေါက်သွားပါတယ်။ သမီးအရင်ကမသိပါဘူး ဆရာကြီး။ စိတ်ဝင်စားစရာ ကောင်းပါတယ်”
“ဒီတော့ ‘သံဃ’ နဲ့ ‘သံဃာ့’ ဘာကြောင့် နှစ်မျိုး ဖြစ်နေတာလဲတို့၊ ဘယ်ဟာမှန်သလဲတို့ မေးစရာ မလိုတော့ဘူးလေ။ နှစ်ခုစလုံး မှန်တယ်။ သူ့နေရာနဲ့ သူသုံးတာဆိုတာ နားလည်ရမှာပေါ့”
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပါပဲ။ ကမ္ဘာအေးစေတီဝင်းထဲမှာ ‘နိုင်ငံ တော်ပရိယတ္တိသာသနာ့တက္ကသိုလ်’ ရှိတယ်မဟုတ်လား။ အဲဒီမှာ ‘သာသနာ့’ လို့ ရေးတယ်။ အဲဒီတက္ကသိုလ် ကပေးတဲ့ ‘သာသနတက္ကသီလ ဓမ္မာစရိယ’ ဆိုတဲ့ ဘွဲ့ နာမည်ကျတော့ ‘သာသန’ လို့ပဲ ရေးတယ်။ ဘာဖြစ်လို့ ‘သာသနာ့’ နဲ့ ‘သာသန’ နှစ်မျိုးကွဲနေတယ်ဆိုတာ သမီးသဘောပေါက်ရောပေါ့”
“သဘောပေါက်ပါပြီ ဆရာကြီး။ တက္ကသိုလ် နာမည်က မြန်မာလိုရေးတာမို့ ‘သာသန’ ဆိုတဲ့ ပါဠိကို ‘သာသနာ’ လို့ ယူပြီး ‘သာသနာ၏’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘သာသနာ့တက္ကသိုလ်’ လို့ သုံးတာပါ။ ဘွဲ့နာမည်ကျတော့ ပါဠိလိုပေးတာမို့ ‘သာသန’ လို့ သုံးတာပါ”
“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ နောက်စိတ်ဝင်စားစရာ စကားလုံးတစ်လုံးအကြောင်း ပြောဦးမယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာကြည့်ရင် ‘သူဌေး’ ဆိုတဲ့ စကားလုံးကို တွေ့မှာပေါ့”
“တွေ့ပါတယ် ဆရာကြီး”
“နောက်တစ်မျိုးကို တွေ့ဖူးသေးသလား”
“သတိမထားမိပါဘူး ဆရာကြီး”
“အိမ်ကျရင် ပြန်ရှာကြည့်ပေါ့။ ‘သေဋ္ဌေး’ လို့ ရေးတာလည်း ရှိတယ်”
“ဪ ဟုတ်ကဲ့ပါ”
“မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ ‘သူဌေး’ ရော ‘သေဋ္ဌေး’ ရော နှစ်မျိုးစလုံး အတည်ပြုထားတယ်”
“ဪ”
“ ‘ သေဋ္ဌေး’ က ‘သေဋ္ဌိ’ ဆိုတဲ့ ပါဠိစကားကို မွေးစားထားတာလေ။ ချမ်းသြွာကယ်ဝသူပေါ့။ သေဋ္ဌိ ကနေ ‘သေဋ္ဌေး’
ဖြစ်လာလို့ စာလုံးပေါင်းရင်လည်း ‘ဋ္ဌ’ ဆိုတဲ့ လည်ရစ်ပါတဲ့ ဌဝမ်းဘဲနဲ့ ရေးရတယ်။ ‘သေဋ္ဌေး’ လို့ ရှေးက စာတွေထဲမှာ တစ်သမတ်တည်းရေးတယ်။ နောက်တော့ ‘သူဌေး’ လို့ ပြောင်းလာပြီး ဒီနေ့တော့ ‘သူဌေး’ လို့ အရေးများတယ်။
‘သေဋ္ဌေး’ ကိုလည်း အရင်းခံကျတဲ့ ရေးထုံးအနေနဲ့ လက်ခံတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ ‘သူဌေး’ မှာပါတဲ့
‘ဌေး’ ကိုလည်း မွေးစားပြီး ‘ဌေးကြွယ်’၊ ‘ဌေးတယ်’ စသည်ဖြင့် သုံးနေတယ် မဟုတ်လား။ မြန်မာစကားလုံး စစ်စစ်မှာ ‘ဌ’ နဲ့ ရေးတဲ့စာလုံးမရှိဘူးလေ။ ပါဠိက ယူထားတဲ့ အဲဒီ ‘ဌေး’ ဆိုတဲ့ ကြိယာတစ်လုံးပဲ ရှားရှားပါးပါးရှိတာ။ သမီးရှာကြည့်ပါလား။ ‘ဌ’ ရေးတဲ့ မြန်မာစကားလုံးစစ်စစ်လေ”
“မှတ်ထားပါမယ် ဆရာကြီး”
“ဒီတော့ သူဌေးနဲ့ သေဋ္ဌေး နှစ်မျိုးဖြစ်နေတာ ဘယ်ဟာမှန်သလဲလို့ မေးစရာကိုမှ မလိုတာ သမီးရယ်။ မူကွဲရေးထုံးအဖြစ် လက်ခံပြီး သင့်သလိုသုံးဖို့ပဲရှိတာ လေ။ ကဲ... နားကြရအောင်။ ။